သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကိုဝေဖန်ထားတဲ့ ဗြိတိန်သံအမတ်ကြီးကြေးနန်း ပေါက်ကြား


 အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Kim Darroch
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Kim Darroch

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ဝါရှင်တန်ဒီစီ၊ ဗြိတိန် သံရုံးက ပေးပို့ခဲ့တဲ့ သံတမန် ကြေးနန်းတစ်စောင် ဗြိတိန်နိုင်ငံအတွင်း ပေါက်ကြားခဲ့ပါတယ်။ သမ္မတ ထရမ့်ကို အသုံးမကျသူ၊ စိတ်ဓါတ် မလုံခြုံသူ၊ အရည်အချင်း မပြည့်ဝသူ တစ်ယောက်အဖြစ် ဝေဖန်ထားတဲ့ ဒီ သံတမန် ကြေးနန်းစာ ဘယ်ကဘယ်လို ပေါက်ကြား ခဲ့သလဲဆိုတာကို ဗြိတိန်အစိုးရက အပူတပြင်း ဖော်ထုတ် ဖို့ ကြိုးစား နေတဲ့အကြောင်း VOA သတင်းထောက် Jeff Custer ပေးပို့ထားတဲ့ သတင်း အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြ ပေးပါမယ်။

၂၀၁၆ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့တဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Kim Darroch က အမေရိကန် သမ္မတ ထရမ့်အပေါ် ဝေဖန်ကဲ့ရဲ့ထားတဲ့ ပုဂ္ဂိုလ်ရေး ထင်မြင် အကဲဖြတ်ချက် ပြင်ပကို ပေါက်ကြားသွားလို့ ဗြိတိန်နိုင်ငံအတွက် မျက်နှာပူ အရှက်ရစရာ ဖြစ်လို့နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ထဲ ဗြိတိသျှ စာနယ်ဇင်းတွေမှာ ရေးသားထားတဲ့ ဒီသတင်းရဲ့ တိကျ ခိုင်မာမှုကိုတော့ ဗြိတိန်နိုင်ငံက မငြင်းဆိုခဲ့ကြပါဘူး။

တကယ်တော့ ဒီ ကြေးနန်းဟာ ဗြိတိသျှ အကြီးတန်း ဝန်ကြီးတွေနဲ့ အဆင့်မြင့် အစိုးရ အရာရှိတွေ ဖတ်ဖို့သာ ကန့်သတ်ရည်ရွယ်ရေးသား ထားတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက တာဝန်ရှိသူတွေက ဒီ ကြေးနန်းဟာ နိုင်ငံရပ်ခြား အစိုးရတွေဆီကို သတင်းပေါက်သွားခဲ့တာ မဟုတ်ဘဲ ဗြိတိန်နိုင်ငံရေးသမားတွေ ဒါမှမဟုတ် အစိုးရအရာရှိတွေ ဆီကနေ ပေါက်ကြားလာတာလို့ ယူဆနေပါတယ်။

ဗြိတိသျှ သံအမတ်ကြီးရဲ့ ဒီ သံတမန် ကြေးနန်းနဲ့ အကြောင်း နယူးဂျာစီ ပြည်နယ်ကနေ ဝါရှင်တန်ဒီစီကို အပြန် လေယာဉ်ကွင်းမှာ သမ္မတ ထရမ့်ကို မေးခဲ့တော့ အခုလို ပြောပါတယ်။

“ကျွန်တော်တို့နဲ့ တစ်ဦးနဲ့တစ်ဦး အတွင်းသဘော အသေးစိတ် နည်နည်းပါးပါး သိကြတဲ့ နိုင်ငံတစ်ချို့ ရှိတာ ခင်ဗျားတို့လည်း သိမှာပါ။ ကျွန်တာ် ပြောနိုင်တာက ဒီ သံအမတ်ကြီး ယူကေနိုင်ငံအတွက် ကောင်းကောင်း အလုပ် မလုပ်ဘူးဆိုတာပါဘဲ။ ကျွန်တော်တို့က ဒီ လူကို သိပ်ကြိုက်လှတာရယ်လို့တော့ မဟုတ်ဘူး။ သူ အခုလို ယူကေနိုင်ငံအတွက် ကောင်းကောင်း တာဝန် မထမ်းဆောင်နိုင်ဘူး ဆိုတော့ သူ့ကို ကျွန်တော်နားလည်ပေးရမှာပေါ့။ ကျွန်တော်လည်း သူ့အကြောင်း ဒီလိုပဲ ပြောနိုင်တာပဲ၊ ဒါပေမဲ့ ဒီအတွက် အလုပ်ရှုပ်ခံ မနေတော့ပါဘူး။”

လန်ဒန်မှာတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ဗြိတိန်အစိုးရအနေနဲ့ ကြေးနန်းထဲက ထင်မြင်ချက်ထက် ဒီ ကြေးနန်း ဘယ်လို့ ပေါက်ကြားခဲ့သလဲဆိုတာ သိရဖို့ ပို အလေးထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဒီ ပေါက်ကြားမှုအတွက် ကျွန်တော် တော်တော်လေး စိုးရမ်မိပါတယ်။ တကယ့် နည်းစနစ်ကျကျနဲ့ ဆောင်ရွက်နေတဲ့ အကောင်းဆုံး သံတမန် ဆက်သွယ်မှုတွေရဲ့ အခြေခံဟာ ကြေးနန်းစာတွေမှာ ကိုယ့်အမြင်ကိုယ် ပွင့်ပွင့်လင်းလင်း ဖလှယ်နိုင်တာပဲ ဖြစ်ပါတယ်။ ဘယ်လို ပေါက်ကြား ခဲ့တာလည်းဆိုတာကို ရှာဖွေဖို့ လိုပါတယ်။ ဒါမှ ကမ္ဘာတစ်လွှားမှာရှိတဲ့ ကျွန်တော်လို့ရဲ့ သံတမန် အဖွဲ့တွေကို အနည်းဆုံး ကိုယ့်ကိုယ်ကို ယုံကြည်အောင် ပြန်လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါမယ်။ ဖော်ထုတ်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ဒီ ပေါက်ကြားမှုမှာ တာဝန်ရှိတဲ့သူကတော့ အကျိုးဆက်ကို ဆိုးဆိုးရွားရွား ခံရပါလိမ့်မယ်။”

ဒီ သတင်းပေါက်ကြားစေသူကတော့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ တရား ရင်ဆိုင်ရနိုင်ခြေရှိပါတယ်။ ဥပဒေက လျှို့ဝှက် အဆင့်ခွဲထားတဲ့ စာရွက်စာတမ်းတွေ ထုတ်ဖော်ပြောကြားတာကို တားမြစ်ထားပါတယ်။ ဒီ အပြစ်အတွက် အရေးယူခံရတာတော့ သိပ် မရှိလှပါဘူး။

ဝန်ကြီးချုပ် Terasa May ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် James Slack က ဝန်ကြီးချုပ် May ဟာ သံအမတ်ကြီး Darroch အပေါ် အပြည့်အ၀ စိတ်ချ ယုံကြည်မှု ရှိကြောင်း၊ သမ္မတ ထရမ့်နဲ့ သူ့ရဲ့ သမ္မတ ရာထူး တာဝန်ထမ်းဆောင်နေမှုအပေါ်မှာ ရှိနေတဲ့ သံအမတ်ကြီးရဲ့ အမြင်ကိုတော့ ဝန်ကြီးချုပ်က သဘောမတူကြောင်း ပြောသလို ပြည်ပရောက် ဗြိတိသျှ သံတမန်တွေကို တာဝန်ကျရာ တိုင်းပြည်ရဲ့ နိုင်ငံရေးရာကိစ္စတွေနဲ့ အဲဒီတိုင်းပြည်က တာဝန်ရှိ ပုဂ္ဂိုလ်တွေအပေါ် ရိုးရိုးသားသားနဲ့ ပကတိ အကဲဖြတ်ဖို့ တာဝန်ပေး စေခိုင်းထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး အခု သီတင်းပတ်တွေအထိ ရေးသားထားခဲ့တဲ့ ဗြိတိသျှသံအမတကြီး Darroch ရဲ့ ကြေးနန်းစာတွေထဲက ကြေးနန်းတစ်စောင်မှာတော့ “လက်ရှိ အမေရိကန် အစိုးရကို အနှစ်သာရ ပြည့်ပြည့်၀၀ ရှိတဲ့ ပုံမှန် အစိုးရတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ သူ မထင်မိကြောင်း” ထည့်သွင်း ရေးသားထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG