သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ မကြာမီပြန်စတင်မည်


အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လည် စတင်တော့မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသား စီးပွါးရေးကောင်စီ ဒါရိုက်တာ Larry Kudlow က VOA ကို ပြောပါတယ်။

လာမယ့် သီတင်းပတ်အတွင်းမှာပဲ ဆွေးနွေးပွဲတွေကို ဆက်လုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သလို ဆွေးနွေးပွဲမှာ အမေရိကန် ကုန်သွယ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Robert Lighthizer နဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့က အမေရိကန်ဘက်က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ကြောင်းပြောပါတယ်။

ဆွေးနွေးမှုတွေအတွက် အမေရိကန်ဘက်က တရုတ်နိုင်ငံကို သွားရောက်ဖို့ ဒါမှမဟုတ် တရုတ်ဘက်က အမေရိကန်ကို လာရောက်ဖို့ ရှိမရှိ မေးမြန်းရာမှာတော့ သူမသိသေးကြောင်း Kudlow က ဖြေကြားခဲ့ပါတယ်။

သောကြာနေ့က အမေရိကန် သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဂျပန်နိုင်ငံ အိုဆာကာက G 20 ထိပ်သီးဆွေးနွေးပွဲ မှာ အချိန်အတော်ကြာ သီးသန့်တွေ့ဆုံပြီး ဆွေးနွေးခဲ့တဲ့ နောက်မှာ သမ္မတ Trump က ၂ နိုင်ငံ ကုန်သွယ်ရေး ဆိုင်ရာ အရာရှိတွေကြား တယ်လီဖုံးနဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီး ၂ နိုင်ငံ ဆက်ဆံရေးဟာလည်း ပုံမှန် ပြန်ဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။

အမေရိကန် တရုတ် ၂ နိုင်ငံကြား တနှစ်လောက်ကြာတဲ့ ကုန်သွယ်ရေး စစ်ပွဲဟာ စစ်ပြေငြိမ်းမှု ရသွားတဲ့ အတွက် သမ္မတ Trump ခြိမ်းခြောက်နေသလို နောက်ထပ် တရုတ်ကုန်ပစ္စည်း ဒေါ်လာ ဘီလျံ ၃၀၀ ဖိုးလောက်အတွက် အခွန် ၂၅ ရာခိုင်နှုန်း တိုးပြီးကောက်ခံမှုတွေမလုပ်တော့ပါဘူး။

ဂျပန်က တွေ့ဆုံပွဲ အစမှာ တရုတ်သမ္မတ Xi က ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆွေးနွေးမှုတွေက ထိပ်တိုက်တိုးပြီး ရင်ဆိုင်တိုက်ခိုက်တာထက် စာရင် ပိုကောင်းတယ်လို့ သမ္မတ Trump ကို ပြောခဲ့တာပါ။ ဒါပေမယ့် အရင်က အမေရိကန်ဘက်က တရုတ်ကုန်ပစ္စည်း ဒေါ်လာဘီလျံ ၂၅၀ အပေါ် အခွန်တိုး ကောက်ခံထားတာကိုတော့ လျော့အောင် တရုတ်က မလုပ်နိုင်ခဲ့ပါဘူး။ တရုတ်ဘက်ကလည်း လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် ကုန်ပစ္စည်း ဘီလျံဒေါ်လာ ၁၁၀ ဖိုးအတွက် အခွန်တိုးကောက်ခဲ့တာပါ။

အခု ၂ ဘက်ဆွေးနွေးမှုတွေ ပြန်လည်လုပ်ဆောင်နေချိန် အတွင်းမှာတော့ အခွန်တိုးကောက်မှုကို ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့ Larry Kudlow က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG