သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၂၀၁၆ ကန်ရွေးကောက်ပွဲ ရုရှားနှောက်ယှက်မှု Trump နဲ့ မပတ်သက်ကြောင်းတွေ့ရှိ


၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ၀င်ရောက် စွက်ဖက်ခဲ့မှုမှာ အမေရိကန် သမ္မတ Donald Trump၊ နောက် သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့ရော၊ ပတ်သက်ဆက်နွယ်သူတွေရော ပူးပေါင်းကြံစည်မှု မရှိဘူးလို့ အထူးစုံစမ်းရေးမှူး Robert Mueller က ပြောဆိုတဲ့ အကြောင်း ရှေ့နေချုပ် William Barr ရဲ့ တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။

အထူးစုံစမ်းရေးမှူး Mueller ရဲ့ စုံစမ်းမှုတွေကို လမ်းလွဲသွားအောင် သမ္မတ Trump ဘက်က ကြိုးပမ်းမှု၊ ဒါမှမဟုတ်လည်း ၀င်ရောက်စွက်ဖက်ပြီး တရားရေးကို နှောင့်ယှက်ခဲ့သလားလို့ မေးတာမှာတော့ သမ္မတဟာ ပြစ်မှုတခုခု ကျူးလွန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြမထားသလို အပြစ်ကင်းတယ် လို့လည်း ဖော်ပြမထားကြောင်း ရှေ့နေချုပ် Barr က ပြောပါတယ်။ Trump အသာစီး ရရေး အတွက် ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ဖို့ Trump ရဲ့ စည်းရုံးရေး အဖွဲ့က ရုရှားနဲ့ ပေါင်းကြံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် ၂၂ လကြာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာရဲ့ အကျဉ်းချုပ်ကို ရှေ့နေချုပ် Barr က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရှေ့နေချုပ် Barr က အစီရင်ခံစာ အကျဉ်းချုပ်ကို လွှတ်တော်ကို ပေးပို့ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ လူထုကို ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ အထူးစုံစမ်းရေးမှူး Mueller က သူ့ရဲ့ အစီရင်ခံစာကို တရားရေး ဌာနထံ ပြီးခဲ့တဲ့ သောကြာနေ့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ စုံစမ်းစစ်ဆေးမှု အတွင်း ရုရှား အစိုးရရဲ့ ရွေးကောက်ပွဲ အပေါ် ကြားဝင်နှောင့်ယှက်မှုတွေမှာ Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့ရော၊ ဆက်စပ် ပတ်သက်သူတွေ ပူးပေါင်းဆောင်ရွက်မှု မတွေ့ရတဲ့ အကြောင်းလည်း ရှေ့နေချုပ် Barr ရဲ့ အကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာက အခုလို ကောက်ချက်ချထားတာလို့ ရှေ့နေချုပ်က ပြောပေမယ့်လည်း Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့ကို ကူညီဖို့ ရုရှားနဲ့ ဆက်စပ် ပတ်သက်သူတွေက ကမ်းလှမ်းခဲ့တာတွေ ရှိတယ်လို့လည်း ပြောဆိုထားတာပါ။

တားဆီးပိတ်ဆို့မှု ရှိသလားဆိုတာနဲ့ ပတ်သက်လို့တော့ ရှေ့နေချုပ်နဲ့ ဒုတိယ ရှေ့နေချုပ် Rod Rosenstein တို့ကို အထူးစုံစမ်းရေးမှူး Mueller က လွှဲပြောင်းပေးခဲ့တယ် လို့လည်း ရှေ့နေချုပ် Barr က ပြောပါတယ်။ Trump အနေနဲ့ တရားရေး အပေါ်မှာ တားဆီးဟန့်တားမှု ကျူးလွန်ခဲ့သလားဆိုတာကို ကောက်ချတ်ချဖို့ ခိုင်မာတဲ့ သက်သေ မရှိဘူးလို့လည်း ရှေ့နေချုပ် Barr က ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG