သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီသဘောတူညီချက်ကနုတ်ထွက်ဖို့ သမ္မတ Trump ကြေညာ


ပါရီသဘောတူညီချက်ကနုတ်ထွက်ဖို့ သမ္မတ Trump ကြေညာ
ပါရီသဘောတူညီချက်ကနုတ်ထွက်ဖို့ သမ္မတ Trump ကြေညာ

အမေရိကန်ပြည်ထောင်စုဟာ အရင်သမ္မတဟောင်း Barack Obama လက်ထက်က လက်မှတ်ရေးထိုးခဲ့တဲ့ ဥတုရာသီ ဆိုင်ရာ ပါရီ သဘောတူညီချက် ထဲမှာ မပါဝင်တော့ပဲ နုတ်ထွက်မှာ ဖြစ်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် အမေရိကန် စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ အခွန်ထမ်းတွေ အကျိုးရှိစေမယ့် သဘောတူညီမှု အသစ်ရအောင် ညှိနှိုင်းမှု တွေ လုပ်ဆောင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်းပြောပါတယ်။

တရားမျှတမှု ရှိတဲ့ သဘောတူညီချက် ရအောင် ဆွေးနွေးကြဖို့ တောင်းဆိုရင်း ပါရီ သဘောတူညီချက် ထဲက အတိအကျ လိုက်နာရန် မလိုအပ်တဲ့ အပိုင်းတွေကို အမေရိကန် ပြည်ထောင်စုက ချက်ချင်းရပ်ဆိုင်းမှာ ဖြစ်ကြောင်း သမ္မတရဲ့ ကြေညာချက် ထွက်ပေါ်လာတဲ့နောက် မှာတော့ ဒီကိစ္စကို သမ္မတ Trump ဘယ်လို ဆုံးဖြတ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ရက်ပေါင်းများစွာ ခန့်မှန်းနေမှု တွေ အဆုံးသတ်သွားပါပြီ။

သမ္မတ အိမ်ဖြူ နှင်းဆီဥယာဉ် မှာ သမ္မတက ဒီသဘောတူညီချက်ကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း ပြောကြားရာမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေက တက်တက်ကြွကြွ သြဘာပေးခဲ့ကြတာပါ။ ပါရီ သဘောတူညီချက်ဟာ အမေရိကန်ပြည်ထောင်စုကို ပျက်စီးစေမဲ့ သဘောတူညီချက် နမူနာတရပ် ဖြစ်နေတာမို့ ဒီကနေ့ကစပြီး ဒီသဘောတူညီချက်ထဲက မဖြစ်မနေ လိုက်နာဖို့ မလိုအပ်တဲ့ အချက်အားလုံးကို ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။

သမ္မတ ဟောင်း Barack Obama ကတော့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တခုဖြစ်တဲ့ အနာဂါတ်ကလေးငယ်တွေကို အကာကွယ်ပေးနိုင်မယ့် ကာဗွန်ထုတ်လွှတ်မှု နည်းအောင် လုပ်ဆောင်မှုကနေ အခုလို နုတ်ထွက်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုဆုံးဖြတ်လာရင် ပြောကြားဖို့ ကြိုတင် ပြင်ဆင်ထားပုံရတဲ့ ကြေညာချက်ထဲမှာ ပါရီ သဘောတူညီချက်ဟာ ကမ္ဘာ့အလယ် အမေရိကန်ရဲ့ ဦးဆောင်မှု တည်ငြိမ် အောင်မြင်မှုကို ပြသနေသလို တခြား နိုင်ငံတွေ အတွေ အမြင် မြင့်မားလာစေဖို့ အားပေးတဲ့ အမေရိကန်ရဲ့ ရဲရင့်တဲ့ ရည်မှန်းချက်ဖြစ်ကြောင်းနဲ့ အမေရိကန် စီးပွါးရေး လုပ်ငန်းရှင်တွေကို ပြန်လည်ပြည့်မြဲ စွမ်းအင် ကဏ္ဍတွေမှာ တိုးတက်အောင် လုပ်ဆောင်လာစေမှာမို့ မကြာခင် နှစ်တွေ အတွင်း အမေရိကန် သမိုင်းမှာ အလုပ်အကိုင် ကောင်းတွေ ခိုင်ခိုင်မာမာ ဖန်တီးနိုင်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ဒီသဘောတူညီချက်ကို နိုင်ငံပေါင်း ၁၉၅ နိုင်ငံက လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG