သမ္မတ Donald Trump က သူ့ရဲ့သီတင်းနှစ်ပတ်ကြာ အာရှငါးနိုင်ငံခရီးစဉ်အပြီးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာပေါ်မှာ အင်အားကောင်းတဲ့ခေါင်းဆောင်မှုကို ပြသနိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်မယ်ဆိုတာကို ပြသခဲ့ပြီး သူ့ရဲ့ခရီးစဉ်ဟာ သိပ်ကို အောင်မြင်တယ်လို့ သမ္မတအိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
သမ္မတ Trump ရဲ့အာရှငါးနိုင်ငံခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကိုသွားရောက်ခဲ့တာဖြစ်ပြီး ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ APEC ခေါ် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုညီလာခံနဲ့ ဖိလစ်ပိုင်မှာ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွေကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာရှခရီးစဉ်အတွင်း အမေရိကန်ရဲ့ခေါင်းဆောင်မှုကို ပြသနိုင်ခဲ့တယ်လို့ သမ္မတ Trump က အိမ်ဖြူတော်မှာ အခုလို ပြောခဲ့ပါတယ်။
“အာရှမှာ ကျနော်တို့ရဲ့အမှာစကားက ရှင်းလင်းတဲ့အပြင် ကောင်းကောင်းမွန်မွန်လက်ခံကြတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုက ယှဉ်ပြိုင်ဖို့လာတာ၊ စီးပွားရေးလုပ်ကိုင်ဖို့ အမေရိကန်ရဲ့စံထားချက်တွေနဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။”
သမ္မတ Trump အနေနဲ့ ဒီကြေညာချက်အတွင်း အဓိကဦးတည်ချက်သုံးရပ်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အခုလို ပြောခဲ့ပါတယ်။
“မြောက်ကိုရီးယားရဲ့ နျူကလီယားခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီးတော့ ကမ္ဘာကြီးကိုစည်းလုံးညီညွတ်ဖို့၊ လွတ်လပ်ပြီးတော့ ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဖြစ်ဖို့၊ တန်းတူခံစားခွင့်ရှိတဲ့ ကုန်သွယ်မှုဆက်ဆံရေးထားရှိဖို့ ကျနော်အဓိကထား ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။”
ဂျပန်နိုင်ငံမှာရောက်ရှိစဉ် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့လုံခြုံရေးအပြင် မြောက်ကိုးရီးယားရဲ့ နျူကလီယားအန္တရာယ်အပေါ် ထိရောက်စွာအရေးယူနိုင်ဖို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့သဘောတူညီမှု ရရှိခဲ့သလို တောင်ကိုးရီးယားကို အမေရိကန်သမ္မတတဦးအနေနဲ့ နှစ်ဆယ့်ငါးနှစ်အတွင်း ပထမဦးဆုံးအကြိမ် သွားရောက်တဲ့ခရီးစဉ်အတွင်းမှာလည်း မြောက်ကိုးရီးယား နျူကလီယားအရေးနဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေက ဝိုင်းဝန်းအရေးယူကြဖို့ တောင်ကိုးရီးယား လွှတ်တော်မှာ ပြောကြားခဲ့တယ်လို့လည်း သမ္မတက အခုလို ထောက်ပြခဲ့ပါတယ်။
“တောင်ကိုးရီးယားနိုင်ငံရဲ့လွှတ်တော်မှာ ကျနော်ပြောခဲ့တဲ့မိန့်ခွန်းအတွင်း မြောက်ကိုးရီးယားအစိုးရရဲ့ဆိုးဆိုးရွားရွား ပြစ်မှုတွေအကြောင်းကို ရှင်းလင်းခဲ့ သလို ဒီလို ကောက်ကျစ်တဲ့အစိုးရအနေနဲ့ ကမ္ဘာကြီးကို နျူကလီယားနဲ့ခြိမ်းခြောက်မှုနဲ့ အကြပ်ကိုင်ခွင့် မပေးသင့်တဲ့အကြောင်းလည်း ကျနော် ရှင်းခဲ့ပါ တယ်။ တရုတ်နဲ့ရုရှားအပါအဝင် နိုင်ငံအားလုံးတို့စည်းလုံးပြီးတော့ မြောက်ကိုးရီးယားကို ဝိုင်းပယ်ကြဖို့၊ မြောက်ကိုးရီးယားရဲ့ ရန်စတဲ့လုပ်ရပ်တွေ မရပ် မချင်း ကုန်သွယ်ရေးနဲ့စီးပွားရေးဆက်ဆံမှုတွေကို ဖြတ်တောက်ထားဖို့လည်း ကျနော် တိုက်တွန်းခဲ့ပါတယ်။”
တရုတ်နိုင်ငံကို ခရီးဆက်ရာမှာတော့ တရုတ်သမ္မတ Xi Jinping ရဲ့ တခမ်းတနားကြိုဆိုခဲ့တာကို Trump က ထောက်ပြခဲ့ပြီး မြောက်ကိုးရီးယားရဲ့ နျူကလီယားအန္တရာယ်နဲ့ပတ်သက်လို့ တရုတ်ဘက်က ထိရောက်စွာအရေးယူနိုင်ရေးအတွက် သူက တိုက်တွန်းနိုင်ခဲ့သလို အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေးမညီမျှမှုကိုလည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ သမ္မတ ွှမကာစက ပြောပါတယ်။
“သမ္မတ Xi နဲ့ကျနော် တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးလိုငွေပြမှု အဆမတန် ကြီးမားနေတာကို လျှော့ချဖို့ လိုအပ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ ပါတယ်။ နောက်ပြီးတော့ နှစ်နိုင်ငံကုန်သွယ်ရေးဟာလည်း တန်းတူမျှတတဲ့အခြေအနေနဲ့ ပြုလုပ်ရမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ရဲ့အလုပ်အကိုင်တွေ၊ ငွေကြေးတွေ၊ နည်းပညာပိုင်ဆိုင်မှုတွေကို ခိုးယူနေတဲ့မတရားတဲ့နည်းတွေကိုလည်း ကျနော်တို့ဘက်က သည်းမခံနိုင်တော့ပါဘူး။”
ဗီယက်နမ်နိုင်ငံမှာ ဗီယက်နမ်နဲ့အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေးနဲ့လုံခြုံရေးအကြောင်း ဆွေးနွေးနိုင်ခဲ့သလို APEC ခေါ် အာရှပစိဖိတ် ပူးပေါင်း ဆောင်ရွက်မှု ညီလာခံမှာလည်း ဒေသတွင်းနိုင်ငံတွေအတွက် အမေရိကန်ပြည်ထောင်စုဟာ အားကိုးရတဲ့မဟာမိတ်အဖြစ် ရပ်တည်ဖို့ အဆင်သင့်ရှိတယ်ဆိုတာကိုလည်း တင်ပြနိုင်ခဲ့တယ်လို့ သမ္မတွှမကာစက ပြောပါတယ်။
“ဒီသမိုင်းတင်တဲ့အခါသမယမှာ အင်ဒို-ပစိဖိတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေအားလုံးအောင်မြင်တိုးတက်နိုင်ဖို့ ၊ ဆက်ဆံရေး အားကောင်းသန်မာစေဖို့ အမေရိကန်ရဲ့မျှော်မှန်းချက်ကို ကျနော် တင်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေသတွင်းမှာ ဘယ်နိုင်ငံနဲ့မဆို တရားမျှတပြီးတော့ အပြန်အလှန် အကျိုးရှိတဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုတွေ ပြုလုပ်ဖို့ အဆင်သင့်ရှိတယ်ဆိုတာကိုလည်း ကျနော် ပြောကြားခဲ့ပါတယ်။”
သမ္မတရဲ့အာရှခရီးစဉ်အတွင်း ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကျင်းပရာ ဖိလစ်ပိုင်ကို နောက်ဆုံးသွားရောက်ရာမှာတော့ အမေရိကန်က မြောက် ကိုးရီးယားရဲ့နျူကလီယားအန္တရာယ်နဲ့ပတ်သက်လို့ အာဆီယံကို သွေးစည်းနိုင်ခဲ့သလို ပြဿနာတက်နေတဲ့ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်လို့လည်း အမေရိကန်ရဲ့ရပ်တည်ချက်ကို တင်ပြနိုင်ခဲ့တယ်လို့ သမ္မတက ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။
“အာဆီယံမှာ ကျနော် ရှင်းရှင်းလင်းလင်း တင်ပြခဲ့တာက ပင်လယ်ကြီးကို ဘယ်နိုင်ငံကမှ မပိုင်ဆိုင်ဘူးဆိုတာပါပဲ။ လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာခွင့်နဲ့ ပင်လယ်ပြင်ထက် လေယာဉ်ပျံသန်းခွင့်ဟာ နိုင်ငံအားလုံးရဲ့လုံခြုံရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက် အရေးကြီးတယ်ဆိုတာကိုလည်း ကျနော် ပြောခဲ့ပါတယ်။”
သမ္မတ Turmp အနေနဲ့ သူ့ရဲ့ခရီးစဉ်အတွင်း တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေအနေနဲ့ ဒေါ်လာဘီလီယံနဲ့ချီပြီး အမေရိကန်စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံဖို့အပြင် အမေရိကန် အလုပ်သမားများအတွက် အလုပ်အကိုင် ဖန်တီးနိုင်မယ့် စီမံကိန်းတွေ ဖန်တီးနိုင်ဖို့လည်း သဘောတူညီမှုတွေ ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သမ္မတရဲ့ ဗုဒ္ဓဟူးနေ့ပြောကြားတဲ့ မိန့်ခွန်းမှာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့ဲခြင်းမရှိတာကို တွေ့ရပါတယ်ရှင်။