သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ပြည်ထောင်စုတရားသူကြီးချုပ် အဆိုပြုခံရသူ အထက်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံ


အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် သမ္မတ Donald Trump က အဆိုပြုထားတဲ့ Brett Kavanaugh က ဒီကနေ့ အင်္ဂါနေ့မှာတော့ အထက်လွှတ်တော် အမတ်တွေနဲ့ စတင် တွေ့ဆုံ ဆွေးနွေးနေပါတယ်။ တရားရုံးချုပ် တရားသူကြီး အဖြစ် အတည်ပြုရေး လွှွတ်တော်မှာ အကြိတ်အနယ် ဖြစ်မယ့် ကြားနာမှုတွေ မတိုင်ခင် တရားသူကြီးချုပ် နေရာ အတွက် ပိုပြီး သေချာစေဖို့ အထက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမှုကိုရဖို့ ပထမဆုံး အဆင့်အနေနဲ့ Brett Kavanaugh က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အငြိမ်းစား ယူတော့မယ့် အမေရိကန် တရားရုံးချုပ် တရားသူကြီး Anthony Kennedy ရဲ့နေရာမှာ အစားထိုး ခန့်အပ်နိုင်ရေး Brett Kavanaugh ကို အမည်တင်သွင်းဖို့ သမ္မတ Donald Trump က ရွေးချယ်လိုက်ပါတယ်။

နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး ရာထူးနေရာအတွက် Brett Kavanaugh ဟာ အရည်အချင်း အပြည့်စုံဆုံးနဲ့ အထိုက်တန်ဆုံး ဖြစ်ကြောင်း မနေ့ တနလာၤနေ့ညမှာ အိမ်ဖြူတော်ကနေ သမ္မတ Trump က ကြေညာခဲ့တာပါ။ Brett Kavanaugh ဟာ နိုင်ငံ့တာဝန်ကို စိတ်ရော ကိုယ်ပါ နှစ်မြုပ် ဆောင်ရွက်ခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ တရားသူကြီး တဦး ဖြစ်တယ်လို့လည်း သမ္မတTrump က မနေ့ညက ရုပ်သံကနေ ကြေညာခဲ့တာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဖယ်ဒရယ် တရားသူကြီး အဖြစ် ၁၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူ ကွန်ဆာဗေးတစ် ဝါဒီ အသက် ၅၃ နှစ် အရွယ် Brett Kavanaugh ဟာ အစိုးရအဖွဲ့တွင်း နိုင်ငံရေး၊ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးလည်း အတွေ့အကြုံ ရှိသူ ဖြစ်ပါတယ်။ တရားသူကြီး အဖြစ် တာဝန်မယူစဉ် ကာလတုန်းက Brett Kavanaugh က သမ္မတ Bill Clinton ရဲ့ လက်ထောက် ဥပဒေအကြံပေး တဦး သေဆုံးမှုကို ကြီးကြပ် စုံစမ်းခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ Clinton နဲ့ အိမ်ဖြူတော် အလုပ်သင်တဦးတို့ကြား အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အရေးယူဖို့ စုံစမ်းစစ်ဆေးမှုရဲ့ ကနဦး လုပ်ငန်းတွေမှာလည်း Kavanaugh ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတ Bush ရဲ့ အမှုထမ်းတဦး ဖြစ်လာပြီး သမ္မတ Bush ရဲ့ ခရီးစဉ်တွေမှာ မကြာခဏ အတူ လိုက်ပါခဲ့ပါတယ်။

သူဟာ ကက်စလစ် ဘာသာဝင် တဦးဖြစ်ပြီး နိုင်ငံမှာ အရေးကြီးတဲ့ ပဋိသန္ဓေဖျက်ချပိုင်ခွင့် ဥပဒေနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ရပ်တည်ချက် အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူဟာ Yale တက္ကသိုလ် ဥပဒေကျောင်းဆင်း တယောက်ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကစလို့ ဝါရှင်တန် ဒီစီရဲ့ အယူခံ တရားရုံးမှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခု သူအစားထိုး တာဝန်ထမ်းဆောင်ရမယ့် တရားသူကြီး Kennedy ရဲ့ လက်ထောက်အဖြစ်လည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG