သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားမက်ဖြစ်သူကို အကြီးတန်းအကြံပေးခန့်မယ့် သမ္မတ အရွေးခံ Trump


ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ သားမက်ဖြစ်သူ Jared Kushner
ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ သားမက်ဖြစ်သူ Jared Kushner

ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ်တဦး အဖြစ် သားမက်ဖြစ်သူ Jared Kushner ကို လျာထားလိုက်တဲ့ အတွက်၊ ဆွေမျိုးသားချင်းကောင်းစားရေး လုပ်ရပ်တွေကို တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်မှုနဲ့ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်မျိုးတွေ ဖြစ်နိုင်ချေ ရှိမရှိ စစ်ဆေးပေးဖို့၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေကို ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

အကြံပေးပုဂ္ဂိုလ်အဖြစ် အမည်စာရင်းတင်သွင်းခံရတဲ့ Kushner ကတော့ ၊ နိုင်ငံရပ်ခြားက ပိုင်ဆိုင်မှုတွေ အပြင်၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်းတခုနဲ့ နယူးယောက်မြို့ ရုံးခန်း ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးဖို့ စီစဉ်နေတဲ့အကြောင်း ရှေ့နေဖြစ်သူက ပြောပါတယ်။

သူ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးနဲ့ New York Observer သတင်းစာ ထုတ်ဝေသူ တာဝန်တွေကိုလည်း အိမ်ဖြူတော်မှာ တာဝန်မယူခင် နှုတ်ထွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် ၆ ဦး ကတော့၊ အစိုးရတာဝန်ရှိသူ တဦးဟာ သူတာဝန်ယူထားတဲ့ အစိုးရအေဂျင်စီတခုမှာ မိသားစုဝင် တယောက်ယောက်ကို ရာထူးတာဝန် ခန့်အပ်ခွင့် မရှိဘူးဆိုတဲ့ ၁၉၆၇ ခုနှစ် ဥပဒေကို ထောက်ပြပြီး၊ ရှေ့နေချုပ် Loretta Lynch နဲ့ အမေရိကန် အစိုးရ ကျင့်ဝတ်သိက္ခာဆိုင်ရာ ရုံးကို စာရေးသား ပေးပို့ခဲ့ပါတယ်။

Kushner ရဲ့ ရှေ့နေ Jamie Gorelick ကတော့၊ အိမ်ဖြူတော်ဟာ အစိုးရအေဂျင်စီတခု မဟုတ်တဲ့အတွက် ဥပဒေဟာ သမ္မတနဲ့ အကျုံးမဝင်ဘူးလို့ ပြောဆိုခဲ့တာပါ။

Kushner ရဲ့ တာဝန်တွေမှာတော့ ကုန်သွယ်ရေးနဲ့ အရှေ့အလယ်ပိုင်းရေးရာ ကိစ္စတွေ ပါဝင်မှာဖြစ်ပြီး၊ အိမ်ဖြူတော် အရာရှိချုပ် Reince Priebus နဲ့ မဟာဗျုဟာရေးရာ အကြီးအကဲ Stephen Bannon တို့နဲ့ လက်တွဲ အလုပ်လုပ်ရမှာ ဖြစ်တယ်လို့လည်း ရွေးကောက်ခံ သမ္မတ Trump ရဲ့ အစိုးရသစ်ဖွဲ့စည်းရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG