သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးအစီအစဉ်အပေါ် Trump တုံ့ပြန်


 ရွေးကောက်ခံသမ္မတ Donald Trump
ရွေးကောက်ခံသမ္မတ Donald Trump

မြောက်ကိုရီးယားဟာ အမေရိကန် ပြည်ထောင်စု အထိ ရောက်နိုင်တဲ့ နျူကလီးယား လက်နက် ထုတ်လုပ်မှာ မဟုတ်တဲ့အကြောင်း ရွေးကောက်ခံသမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ တစုံတရာ အသေးစိတ်ရှင်းပြတာမျိုး မရှိဘဲ၊ ဒါမျိုးဖြစ် မလာနိုင်တဲ့ အကြောင်း တနင်္လာနေ့ကပဲ Twitter အင်တာနက် လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံး စမ်းသပ်ဖို့ အသင့်ဖြစ်လုနီးပါး အခြေအနေမှာ ရောက်နေပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ Trump ရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ တိုက်ချင်းပစ်နိုင်လောက်တဲ့ အကွာအဝေးအထိ မဟုတ်တဲ့ မစ်ဇိုင်းဒုံးတွေကိုတော့ မြောက်ကိုရီးယားက မကြာခန စမ်းသပ်နေပြီး၊ အောင်မြင်မှုတချို့လည်း ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူတချို့ကတော့ မြောက်ကိုရီးယားအနေနဲ့ အမေရိကန် အထိ ရောက်နိုင်တဲ့ မစ်ဇိုင်းဒုံး ထုတ်လုပ်နိုင်ဖို့ နှစ်နဲ့ချီ အချိန်ယူရနိုင်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် သမ္မတသစ်ဖြစ်လာတော့မယ့် Trump ရဲ့ အခုနောက်ဆုံး မှတ်ချက်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဖို့မလုပ်ဘူးလို့ Trump က ပြောဆိုခဲ့တာဟာ တာဝန်မဲ့တဲ့ ပြုမူပြောဆိုမှုအဖြစ် တနင်္လာနေ့မှာပဲ တရုတ်နိုင်ငံက စွပ်စွဲပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကြောင့် အမေရိကန်တချို့ကြားမှာ စိတ်ဂယောင်ခြောက်ခြားဖြစ်စေခဲ့ပြီး၊ ပြဿနာကို အတွင်းကျကျမမြင်နိုင်ဘဲ တရုတ်နိုင်ငံကိုသာ အပြစ်ဖို့နေတယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသားခဲ့တာပါ။

Trump ကတော့၊ ကုန်သွယ်ရေးမှာ တဘက်သတ် အသာစီးရနေတဲ့ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ငွေကြေးနဲ့ကြွယ်ဝမှုတွေကို ရယူနေပြီး၊ မြောက်ကိုရီးယား အရေးမှာတော့ အကူအညီပေးဖော်မရဘူးလို့ တနင်္လာနေ့ အစောပိုင်းမှာပဲ Twitter ကနေ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီယားရဲ့ တာဝေးပစ်ဒုံးအစီအစဉ်အပေါ် Trump တုံ့ပြန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG