သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရနဲ့ တရုတ်လူ့အခွင့်အရေး


Trump အစိုးရနဲ့ တရုတ်လူ့အခွင့်အရေး
Trump အစိုးရနဲ့ တရုတ်လူ့အခွင့်အရေး

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Donald Trump ဟာ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ပတ်သတ်တဲ့ လုပ်ရပ်တွေကို ဝေဖန်ပြီး တရုတ်အစိုးရကို ငွေကြေးဈေးကစားသူအဖြစ် အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သတ်ပြီး သူဘာလုပ်လာမယ်ဆိုတာ မသိနိုင်သေးပါဘူး။ တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူတချို့က ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်မှုရှိနေတဲ့အကြောင်း VOA သတင်းထောက် Bill Ide Beijing မြို့တော်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

ဒေါ်နယ်လ်ထရန့်ပ်ရဲ့ မဲဆွယ်မိန့်ခွန်းတွေထဲမှာ မူဆလင်တွေ၊ ပြည်ပ က ပြောင်းရွှေ့လာရောက်သူတွေ အပေါ် ဝေဖန်ပြောကြားချက်တွေကြောင့်လည်း ထရန့်ပ်ရဲ့ မူဝါဒအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေရတဲ့ အကြောင်းအ ရင်း တစိတ်တဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက တူရကီမှာ မအောင်မြင် တဲ့ အာဏာသိမ်းမှုအပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တူရကီအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ဖိအားပေး မလားလို့ မေးတဲ့အခါမှာ ဒေါ်နယ်လ်ထရန့်ပ်က အခုလိုပြောခဲ့တာပါ။

“အခုလက်ရှိမှာပဲ ကျနော်တို့နိုင်ငံမှာ နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်ပြီးပြဿနာတွေ အများကြီးရှိနေပါတယ်။ ကိုယ်နိုင်ငံရဲ့ပြဿနာကိုတောင် သေချာမသိနိုင်ပဲ သူများနိုင်ငံတွေ ကိစ္စမှာဝင်ပြောရခက်တယ်လို့ ထင်ပါတယ်။”

လူမည်းတွေကို ရဲတွေက ပစ်ခတ်လို့ လူတွေဆန့်ကျင်ဆန္ဒပြနေ တဲ့အချိန် မှာ ဒေါ်နယ်လ်ထရန့်ပ်က ပြည်ပက လူ့အခွင့်အရေးပြဿနာတွေပြောမယ့်အစား ကိုယ့်ပြဿနာကိုယ် ကို ဖြေရှင်းသင့်တယ်လို့ သူကပြောခဲ့ပါတယ်။ နယူးရောက်ခ် တိုင်းမ်စ် သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာလည်း မစ္စတာထရန့်ပ်က အခုလိုပြောပြန်ပါတယ်။

“အမေရိကန်အခြေအနေ ဘယ်လောက်ဆိုးတယ်ဆိုတာ ကမ္ဘာကကြည့်နေချိန် ကျနော်တို့ကသွားပြီး နိုင်ငံသားအခွင့်အရေးအကြောင်း သွားတရားဟော မယ်ဆိုတာ သိပ်ဟန်မကျဘူးထင်ပါတယ်။”

မစ္စတာထရန့်ပ် သမ္မတဖြစ်လာမယ့်အရေးဟာ တရုတ်နိုင်ငံ လူ့အခွင့် အရေး လှုပ်ရှားသူတွေအဖို့ မကောင်းတဲ့ အလားအလာတရပ်ဖြစ်ပါတယ်။ Maya Wang ဟာဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှား သူတဦးဖြစ်ပါတယ်။

“ဒီလိုသဘောထားမျိုးဟာ လူ့အခွင့်အရေး ဆိုရင် ရန်သူလို့ သဘောထားနေ တဲ့ နိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ စိုးရိမ်စရာပါ၊ အမေရိ ကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ လူ့အခွင့်အရေးထွန်းကားရေးအတွက် စိုက်လိုက်မတ်တပ် ဖိအားပေးလာခဲ့တာပါ။ အခုအတိုင်းဆိုရင် ကျမတို့အတွက် အရေးကြီးတဲ့ မဟာမိတ်တယောက် ဆုံးရှုံးရမယ့်အရေးကို စိုးရိမ်မိပါတယ်။”

၂၀၁၂ခုနှစ်မှာတရုတ်ရဲ့ လက်ရှိသမ္မတ ရှီကျင်းဖျင်အာဏာရလာကတည်းက သူအာဏာချဲ့ထွင်ရေးနဲ့ တနိုင်ငံလုံးအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကို နည်းမျိုးစုံနဲ့ လုပ်ပြီးတော့ လွတ်လပ်စွာသဘောထား ဖေါ်ထုတ်ခွင့်တွေကိုလည်း ချုပ်ချယ်လာခဲ့ တာပါ။ Huja ဟာလည်း တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်ပါတယ်။

ထရန့်ပ်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဘာသာရေး၊ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သူမဲဆွယ်စဉ်က ပြောကြားသွားတဲ့စကားတွေကို ကျနော်တို့ အခိုင်အမာယူဆလို့မရပါဘူးလို့ ပြောသွားတာဖြစ်ပါတယ်။

အခြားသော တရုတ်လူ့အခွင့်အရေးသမားတွေကတော့ အမေရိကန်နိုင်ငံရေးမှာ check and balance လို့ ခေါ်တဲ့ အပြန်အလှန်ထိန်းချုပ်မှုတွေ ရှိနေတဲ့အတွက် သမ္မတ ထရန့်ပ်ဟာ လူ့အခွင့်အရေးကိစ္စကို လက်တွေ့ကျကျကိုင်တွယ်လာလိမ့်မယ် လို့ သုံးသပ်ကြပါတယ်။ တရုတ်လူ့အခွင့်အရေးရှေ့နေ Ge Yongxi ကအခုလိုပြောပါတယ်။

“မရေရာမသေချာတာတွေ အများကြီးရှိတယ်လို့ လူတွေက ပြောနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အခြေခံတန်ဖိုးထားမှုတွေကတော့ သွေဖီသွားလိမ့်မယ်လို့ ကျနော်တို့မထင်ပါဘူး။”

ဒါပေမဲ့ တရုတ်နိုင်ငံဟာ စီးပွားရေးနဲ့ သြဇာအာဏာ အရှိန်အဝါကြီးမား လာနေလေတော့ ဒီနိုင်ငံကိုဖိအားပေး သြဇာလွှမ်းမိုးဖို့ မဆိုထားနဲ့ ဆွဲဆောင် ဖို့တောင်မှ ခက်သထက် ခက်ခဲလာနေပါတယ်။ ထရန့်ရဲ့ အကြီးတန်း အကြံပေး တဦးဖြစ်သူ James Woolsey ကပြီးခဲ့တဲ့ ကြာသာပတေးနေ့တုန်းက South China Morning Post သတင်းစာထဲမှာ အခုလိုရေးသားခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ရှုတ်ထွေးပွေလီတဲ့ လူမှုရေး နိုင်ငံရေးစနစ်တွေ ကိုကျွနု်ပ်တို့ပိုမို သဘောပေါက်လာ တဲ့အမျှ သူတို့ရဲ့လက်ရှိစနစ်ကို စိမ်ခေါ်ရတာ အန္တရာယ်ရှိ တယ်ဆိုတာပိုပြီးသိသာလာပါတယ်။ ကျနော်တို့မနှစ်သက်ပဲနေနိုင်ပေမဲ့ ဒါကိုတခုခုတော့လုပ်ရမယ်ဆိုတဲ့သဘောလဲမဟုတ်ပါဘူး လို့ရေးထားပါတယ်။”

ဆိုလိုတာကတော့ နှစ်နိုင်ငံအကြား သဘောတရားရေးအရ ကွဲလွဲမှုရှိနေပေမဲ့ ဗိုလ်နေမြဲ ကျားနေမြဲအခြေအနေကို ဆက်လက်ပြီးတော့ ထိန်းသိမ်း သွားနိုင်အောင်တော့ အပေးအယူလုပ်ရမှာဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ကြောင်းပါ။

Trump အစိုးရနဲ့ တရုတ်လူ့အခွင့်အရေး
please wait

No media source currently available

0:00 0:04:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG