သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးအကဲဟောင်း Comey လွှတ်တော်ကော်မတီ ရှေ့မှောက် ထွက်ဆိုမည်


အမေရိကန် သမ္မတ Donald Trump နဲ့ FBI အကြီးအကဲဟောင်း James Comey။ (မှတ်တမ်းပုံ)
အမေရိကန် သမ္မတ Donald Trump နဲ့ FBI အကြီးအကဲဟောင်း James Comey။ (မှတ်တမ်းပုံ)

သမ္မတ Donald Trump ရွေးကောက်ပွဲမှာ အနိုင်ရအောင် သူ့ရဲ့ ကိုယ်ရေး အရာရှိတွေက ရုရှား အရာရှိတွေရဲ့ အကူညီ ယူဖို့ ကြိုးစားမှု ရှိမရှိ နဲ့ မနှစ်က အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်မှု ရှိတယ် ဆိုတဲ့စွပ်စွဲမှုတွေ ကြီးထွားလာနေတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) အကြီးအကဲဟောင်း James Comey ဟာ ဒီကနေ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ အထက်လွှတ်တော် စုံစမ်းရေး ကော်မတီ ရှေ့မှောက် ကြားနာပွဲမှာ ထွက်ဆိုမှာ ဖြစ်ပါတယ်။

လူအများ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ဒီကြားနာပွဲမှာ မစ္စတာ Comey ဟာ သူနဲ့ သမ္မတ Trump တို့ကြား သမ္မတအိမ်ဖြူ တွေ့ဆုံပွဲတွေက ပြောကြားချက် အသေးစိတ်တွေကို တင်ပြမှာ ဖြစ်ကြောင်း အထက်လွှတ်တော် စုံစမ်းရေး ကော်မတီက ဗုဒ္ဓဟူးနေ့မှာပဲကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ အသေးစိတ်ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သမ္မတ Donald Trump အပါအဝင် လက်ရှိအရာရှိတွေနဲ့ အရင်အရာရှိဟောင်းတွေ အပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး FBI ရဲ့ ကိုင်တွယ်ပုံတွေကို သမ္မတ အိမ်ဖြူမှာ ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး သစ္စာရှိဖို့ သမ္မတက သူ့ကို ပန်ကြားခဲ့ကြောင်း ပြီးခဲ့တဲ့ လကပဲ သမ္မတ Trump အလုပ်က ဖြုတ်ပစ်ခဲ့တဲ့ FBI အကြီးအကဲဟောင်း James Comey ဟာ ကြာသပတေးနေ့ အထက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုဖို့ ရှိနေပါတယ်။

အထက်လွှတ်တော် စုံစမ်းရေး ကော်မတီက ကြာသပတေးနေ့ ကြားနာပွဲ မတိုင်မီ တရက် ကြိုတင် ထုတ်ပြန်တဲ့ မိတ္တူမှာ မစ္စတာ Comey ရဲ့ စာမျက်နှာ ၇ မျက်နှာပါ အဖွင့်အမှာစကား ပြောကြားချက် တွေကို ဖော်ပြထားတာပါ။ အဲဒီမှာ သမ္မတနဲ့ မစ္စတာ Comey တို့ရဲ့ သီးသန့် တွေ့ဆုံ ပြောကြားမှု ၅ ခုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက် တွေကိုဖော်ပြထားပါတယ်။

သမ္မတ Trump က Oval Office မှာ တွေ့ဆုံစဉ်က သစ္စာရှိတဲ့ လူကို လိုချင်ကြောင်းနဲ့ သူ့ကို သစ္စာရှိမယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ချိန်မှာ မစ္စတာ Comey က စကားတလုံးမှ ပြန်မပြောဘဲ မျက်နှာအမူအရာကအစ ဘာမှ မပြောင်းလဲဘဲ နေနေတာမို့ နှစ်ယောက်သား တယောက်မျက်နှာ တယောက် ကြည့်ရင်း မလှုပ်မရှားနဲ့ ငြိမ်သက်နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကတော့ သမ္မတ Trump က အဲဒီမတိုင်ခင် တရက်က သူအလုပ်ဖြုတ်ပစ်ခဲ့တဲ့ အဲဒီအချိန်က နိုင်ငံတော် လုံခြုံရေး အကြံပေး ဖြစ်တဲ့ Michael Flynn နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ မလုပ်ဖို့ ပြောကြားခဲ့ကြောင်းနဲ့ သူဟာ လူကောင်းတယောက်မို့ သူ့ကိုတော့ မစုံစမ်းဘဲ လွှတ်ထားမယ်လို့ မျှော်လင့်ကြောင်း သမ္မတ ရဲ့ ပြောကြားချက်ကို ဖေါ်ပြထားပါတယ်။

သမ္မတ Trump ကတော့ မစ္စတာ Flynn ကို စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဖို့ မစ္စတာ Comey ကို ဖိအားပေးခဲ့တယ် ဆိုတဲ့ အချက်ကို ပြီးခဲ့တဲ့ လထဲမှာပဲ မဟုတ်မှန်ကြောင်း ပြောထားသလို အမေရိကန် သမ္မတ ရွေးကောက်ပွဲအပေါ် ရုရှားလွှမ်းမိုးမှု ရှိအောင် သူ့အစိုးရ အဖွဲ့ဝင်တွေက ကြိုးစား ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကိုပါ ပယ်ချခဲ့ပြီး ဒါဟာ ဒီမိုကရက်တစ် ပါတီဝင်တွေရဲ့ အောက်လမ်းတိုက်တဲ့ လုပ်ရပ်တခုလို့ စွပ်စွဲခဲ့ပါတယ်။

FBI အကြီးအကဲဟောင်း James Comey ကို မေးမြန်း စစ်ဆေးမှုတွေ မလုပ်ခင် ဗုဒ္ဓဟူးနေ့မှာတော့ အမျိုးသား ထောက်လှမ်းရေး အကြီးအကဲ Dan Coats၊ အမျိုးသား လုံခြုံရေးအေဂျင်စီ NSA အကြီးအကဲ Michael Rogers ၊ FBI ယာယီအကြီးအကဲ Andrew McCabe နဲ့ ဒုတိယ ရှေ့နေချုပ် Rod Rosenstein တို့ ဟာ အထက်လွှတ်တော် စုံစမ်းရေး ကော်မတီရှေ့မှောက် ကြားနာပွဲမှာ ထွက်ဆိုခဲ့ကြပါတယ်။

ရုရှားအရာရှိတွေနဲ့ တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုဖို့ သမ္မတ Trump က မလျှော်ကန်တဲ့ ဖိအားပေးမှု မျိုးလုပ်တယ်လို့ သူတို့ မခံစားရကြောင်း မစ္စတာ Rogers နဲ့ Dan Coats တို့က ထွက်ဆိုခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ သမ္မတနဲ့ သီးသန့် ပြောကြားချက်တွေကို ထုတ်ပြော ဖို့တော့ ငြင်းဆိုကြပါတယ်။

မစ္စတာ Rogers က ကြားနာပွဲမှာ အခုလို မဖြေကြားတာဟာ မေးခွန်းဟာ မေးသင့်တဲ့ မေးခွန်းမဟုတ်ဘူးလို့ ထင်မြင်ကြောင်း ပြောကြားခဲ့တာမို့ ဒါကို စိတ်ပျက်မိ တယ်လို့ ပြောသူကတော့ Maine ပြည်နယ်က တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Angus King ပါ။

“ ဗိုလ်ချုပ်ကြီးက မဖြေသင့်ဘူးလို့ ထင်တာက ကျိုးကြောင်း မဆီလျော်သလို အဖြေလည်း မဟုတ်ပါဘူး။ ဒါဟာ အုပ်ချုပ်ရေးဘက်က အခွင့်ထူးခံနေ မနေ သိလာဖို့ မေးမြန်းတာမို့ ဒီမေးခွန်းမျိုးကို ဖြေဖို့ လိုပါတယ်။ ”

ဝါရှင်တန် ဒီစီမှာ ၂ ရက်ကြာ ကြားနာပွဲပြုလုပ်နေတာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ကြားနာပွဲ အမေရိကန် ထောက်လှန်းရေး အကြီးအကဲတွေရဲ့ ထွက်ဆိုချက်တွေ အပြီး ကြာသပတေးနေ့မှာတော့ မစ္စတာ Comey ရဲ့ ကြားနာပွဲကို မနက် ၁၀ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။

သမ္မတ Trump ကတော့ ဗုဒ္ဓဟူးနေ့မှာ Ohio ပြည်နယ်ကို ခရီးထွက်ခွာခဲ့သလို ခရီးမထွက်ခွာခင် အခုကြားနာပွဲနဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော်မှာ သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ သူ့အနေနဲ့ မစ္စတာ Comey အတွက် ဆုတောင်းပေးနေမယ်လို့ ပြောခဲ့တာပါ။

သမ္မတဟာ ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူမှာ ပုံမှန် တာဝန်တွေကိုထမ်းဆောင်နေမှာ ဖြစ်ကြောင်း သမ္မတ အကြံပေး Sean Spicer က သတင်းထောက်တွေကို ပြောပါတယ်။အထက်လွှတ်တော် စုံစမ်းရေး ကော်မတီရဲ့ မစ္စတာ Comey ကြားနာပွဲမှာ ထွက်ဆိုမယ့် မူကြမ်း မိတ္တူနဲ့ ပတ်သက်တဲ့ ကြေညာချက် ထွက်လာခဲ့ပြီးတဲ့ နောက်မှ သမ္မတဟာ အိမ်ဖြူကို ပြန်လာခဲ့တာ ဖြစ်ပြီး မစ္စတာ Comey က အမျိုးသား အကြံပေးပုဂ္ဂိုလ်ဟောင်း Michael Flynn နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ မလုပ်ရဘူးဆိုတာကို ပြတ်ပြတ်သားသား သဘောပေါက်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ Trump ရဲ့ ပြောကြားချက်ကို ထုတ်ဖေါ် ပြောဆိုမယ် ကြေညာချက်မှာ ဖေါ်ပြထားတာ ကြောင့် သမ္မတရဲ့ တုန့်ပြန်မှုကို စောင့်မျှော်နေကြတာပါ။

မေလ ၉ ရက်နေ့က သမ္မတ Trump အလုပ်ဖြုတ်ပစ်ခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့မှာ မစ္စတာ Comey ဟာ ပထမဆုံး လူသိရှင်ကြား ပြောဆိုတော့မှာ ဖြစ်ပါတယ်။သူ့ရဲ့ ကြားနာပွဲ ထွက်ဆိုချက်တွေဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာရီပတ်ဘလစ်ကင် သမ္မတ အနိုင်ရအောင် ရုရှားက အကူညီပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကင် ပါတီဝင်တွေ အတွက် ဖိအားတွေ ပိုလာနိုင်ပါတယ်။

FBI အကြီးအကဲဟောင်း Comey လွှတ်တော်ကော်မတီ ရှေ့မှောက် ထွက်ဆိုမည်
please wait

No media source currently available

0:00 0:04:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG