သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရနဲ့ လူ့အခွင့်အရေး အလားအလာ


U.S. President-elect Donald Trump speaks during a press conference in Trump Tower, Manhattan, New York, Jan. 11, 2017.
U.S. President-elect Donald Trump speaks during a press conference in Trump Tower, Manhattan, New York, Jan. 11, 2017.

Donald Trump ရဲ့ နိုင်ငံခြားရေးမူဝါဒ ချမှတ်တဲ့နေရာမှာ လူ့အခွင့်အရေးဟာ ဘယ်အခန်းကဏ္ဍက ရှိနေမလဲ ဆိုတဲ့မေးခွန်းဟာ ဒီသတင်းပတ်အတွင်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ Trump ရွေးချယ်ထားတဲ့ သူရဲ့အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အမေရိကန်လွှတ်တော်က ကြားနာစစ်ဆေးပွဲတွေအတွင်း ထွက်ဆိုချက်တွေ ကိုကြည့်ပြီး လူ့အခွင့်အရေး နဲ့ပတ်သက်လို့ သူတို့ရဲ့ သဘောထားတွေအပေါ် ဝေဖန်စိုးရိမ်မှုတွေ ထွက်လာခဲ့ပါတယ်။

Trump ရဲ့ရွေးကောက်ပွဲ မဲဆွယ်စဉ် အငြင်းပွားဖွယ်ရာအချက်တွေနဲ့အတူ VOA သတင်းထောက် Bill Gallo ရဲ့ သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ရေနံတွေကို သိမ်းထားမယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလ တလျောက်လုံး Donald Trump ဟာ ထပ်ခါထပ်ခါ ကတိပေးခဲ့ပါတယ်။

အီရတ်နိုင်ငံက ရေနံတွေကို ပြောနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အီရတ် စစ်ပွဲမှာ အောင်နိုင်ခဲ့တဲ့ နိုင်ငံအနေနဲ့ အီရတ်က ရေနံတွေကို ထုတ်ယူ ရောင်းချသင့်ခဲ့တယ်လို့ Trump ကပြောခဲ့ပါတယ်။

ဒီလို Donald Trump မှတ်ချက်ပေးပြောခဲ့တဲ့စကားတွေကိုကြည့်ရင် သူရဲ့အစိုးရလက်ထက်မှာ ပြင်ပနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ညွန်ကြားရေးမှူး Sarah Margon ကပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထိတွေ့ပတ်သက်မှု မရှိတာ၊ ဒါမှမဟုတ် စိတ်မဝင်စားတာ ဒါမှမဟုတ် အခြား အကျိုးစီးပွားရေးကိစ္စတွေမှာ လူ့အခွင့်အရေးကို ခုတုန်းလုပ်ပြီး သူတို့လိုချင်တာရဖို့ စည်းရုံးတဲ့ အစိုးရအဖွဲ့မျိုး ဖြစ်လာမှာကို ကျမတို့ အလွန်အင်မတန် စိုးရိမ်ပါတယ်။”

ဒါအပြင် ရုရှား သမ္မတ Vladimir Putin ၊ အီဂျစ်သမ္မတ Abdel Fattah al-Sissi ဒါမှမဟုတ် ဆီးရီးယား သမ္မတ Bashar al-Assad တို့လို အာဏာရှင်ခေါင်းဆောင်တွေနဲ့ပဲ Turmp ကပူးပေါင်း လုပ်ကိုင်လိုစိတ်ရှိတယ် ဆိုတာကို Margon က ထောက်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက်တော့ တခါတရံမှာ သူတိုရဲ့ မိတ်ဖက်နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်လူ့အခွင့်အရေးချိုးဖောက်သူတွေ ဖြစ်နေတာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ Trump နဲ့ သူရဲ့ ထိပ်တန်းအရာရှိတချို့ဟာ ဒီခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုရမှာကို မလိုလားခဲ့ကြပါဘူး။

Turmp က နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ ရွေးချယ်ထားတဲ့ Rex Tillerson ဆိုရင် ဆီးရီးယားနိုင်ငံမှာ ရုရှားအစိုးရရဲ့ စစ်ရေးကြိုးပမ်းမှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ် ဆိုတာကို ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါအပြင် ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုမှာ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ်သမ္မတ Rodrigo Duterte ကို ဝေဖန်ကန့်ကွက်တာမျိုးလည်း Tillerson က မလုပ်ခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ သူဟာ လက်တွေ့ကျကျကြည့်သူတဦးဖြစ်တယ်လို့ Tillerson က သူ့ကိုယ်ကိုကိုယ် သူကာကွယ်ပြောဆိုခဲ့ပါတယ်။

“အထူးသဖြင့် အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေး အန္တရာယ်ရှိနေတဲ့အချိန်မှာ နိုင်ငံခြားရေးမူဝါဒတိုင်း မှာ လူ့အခွင့်အရေးတခုကိုပဲ စပြီး ထည့်သွင်းစဉ်းစားမယ်လို့ မျှော်လင့်တာဟာ ယုတ္တိမတန်ပါဘူး။”

ဒါပေမယ်လို့ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရဲ့ စံတန်ဖိုးသတ်မှတ်မှု နှစ်ခုကြားမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တကယ်ပဲ ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုအပ်နေသလား။

မလိုအပ်ဘူးလို့ ပြောလားသူက လန်ဒန်တက္ကသိုလ်က Leslie Vinjamuri ဖြစ်ပါတယ်။ သူက ဗွီအိုအေကို skype ကတဆင့်အခုလိုပြောသွားပါတယ်။

“လူ့အခွင့်အရေးကို လက်ခံယုံကြည်မှုအပေါ်မှာ ကျမတို့ရဲ့စိတ်ဝင်စားမှုဟာ အရမ်းကိုများနေတယ်လို့အငြင်းပွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှည်သာမက ရေတိုသွားတဲ့အခါမှာတောင် လူ့အခွင့်အရေးကိစ္စဟာ မိတ်ဆွေမဟာမိတ်တွေ တည်ဆောက်ဖို့ လွယ်ကူအောင် အထောက်အကူပြုပါတယ်။ ကမ္ဘာမှာ အခြားနိုင်ငံတွေနဲ့အကျိုးရှိရှိနဲ့ အလုပ်လုပ်ဖို့ အမေရိကန်ပြည်ထောင်စုက လိုအပ်ပါတယ်။”

မကြာခင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မယ့် Trump အတွက် သေချာတာတခုကတော့ နိုင်ငံရဲ့လုံခြုံရေးနဲ့ လူ့အခွင့်အရေး ထည့်သွင်းစဉ်းစားဖို့ လိုအပ်ချက်ကို မျှတမှုရှိအောင် ဆောင်ရွက်ဖို့ သူဟာ ပထမဆုံး အမေရိကန်သမ္မတ မဟုတ်သလို နောက်ဆုံးသမ္မတလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

Trump အစိုးရနဲ့ လူ့အခွင့်အရေး အလားအလာ
please wait

No media source currently available

0:00 0:03:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG