သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရသစ် လူ့အခွင့်အရေးအမြင် HRW စိုးရိမ်


ကမ္ဘာတဝှမ်းမှာ လူအများကြိုက် နိုင်ငံရေးသမားတွေ များလာတာဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေ ဆုတ်ယုတ်သွားနိုင်ဖွယ် ရှိတယ်လို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။ Geneva မြို့ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein ရဲ့ သတင်းပေးပို့ချက်အပေါ် အခြေခံပြီးတော့ ရှားဖောင် က စုစည်း တင်ပြထားပါတယ်။

ပြည်သူ့အကျိုးသယ်ပိုးပြီး ပြည်သူထုကို ကိုယ်စားပြု ဆောင်ရွက်ပေးနေတယ်လို့ ကိုယ့်ကိုကိုယ်ပြောနေကြတဲ့ လူအများကြိုက် ခေါင်းဆောင်တွေဟာ အကာအကွယ်မဲ့နေတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို နင်းချေပစ်နိုင်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။ ဒီလူအများကြိုက် နိုင်ငံရေးသမားတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးတွေ ဆုတ်ယုတ်အောင် လုပ်လာပြီးဆိုရင် လူများစုတွေရဲ့ အခွင့်အရေးကိုလည်း မတည်မငြိမ် ဖြစ်စေတယ်လို့ Roth က သတိပေးပြောဆိုပါတယ်။

ကမ္ဘာပေါ်မှာ လူအများကြိုက်ဝါဒ တိုးမြင့်လာတာဟာ လူ့အခွင့်အရေး စံတန်ဖိုးတွေအပေါ် ကမ္ဘာတဝှမ်းရဲ့ တာဝန်ယူမှုတွေကို အားနည်းသွားမှာကိုလည်း သူစိုးရိမ်တယ်လို့ Kenneth Roth က ပြောပါတယ်။ ဒါဟာ ကုသမဂ္ဂနဲ့ လူ့အခွင့်အရေးပဋိဉာဉ်စာတမ်းကို အခြေခံရေးဆွဲထားတဲ့ မှန်တိုင်တွေကိုလည်း တဖြည်းဖြည်း ဆုတ်ယုတ်စေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ကာကွယ်တဲ့နေရာမှာ အမေရိကန်ရဲ့ ထောက်ခံအားပေးမှုတွေ ဆုံးရှုံးသွားရမှာကို လွန်စွာ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ အခုချိန်ထိ သေသေချာချာ မသိရသေးသလို၊ ပြောဖို့လည်း စောပါသေးတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးကိစ္စအပေါ် စိတ်ဝင်စားမှု လုံး၀ မပြတဲ့ လူကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်တာနဲ့ အမျိုးသားတွေကိုပို ထောက်ခံတယ်ဆိုတဲ့ Trump ရဲ့ ထုတ်ဖော် ပြောဆိုမှုတွေကို ကြည့်မယ်ဆိုရင်တော့ အလွန်းအမင်း စိုးရိမ်စရာရှိပါတယ်။”

နိုင်ငံအများအပြားက ခေတ်မှီတဲ့ လူမှုအသိုင်းအဝိုင်းအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပြောဆိုထောက်ခံမှုက အရေးပါကြောင်း၊ ဒါပေမဲ့လည်း Trump အစိုးရတက်လာတာကို အခွင့်အရေးတရပ်အဖြစ် အသုံးချပြီးတော့ အစိုးရအတော်များများက အတိုက်အခံတွေအပေါ် ဖြိုခွင်းမှာကို စိုးရိမ်တယ်လို့ Roth က ပြောပါတယ်။

လူ့အခွင့်အရေး တန်ဖိုးတွေကို မြင့်တင်ပေးတဲ့ ဦးဆောင်မှုနေရာမှာ အမေရိကန်ပြည်ထောင်စုကို ထည့်တွက်လို့မရတော့ပဲ - တခြားနိုင်ငံတွေက ဝင်ရောက်တာဝန်ယူရမယ်လို့လည်းသူကဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေအပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာလည်း ပါဝင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

အခုအခါမှာတော့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးဆိုပေမဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဆက်လက် ဖြစ်ပွားနေသေးသလို အရေးကြီးတဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေးဌာနတွေဟာ စစ်တပ်ရဲ့ အောက်မှာပဲရှိနေသေးတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ Trump အစိုးရလက်ထက် လူ့အခွင့်အရေးအပေါ် ဦးစားပေးမှု လျော့နည်းလာတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စိုးရိမ်မကင်းဖြစ်မှုတွေက အများကြီးပါ။ Trump အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။ ဒါ့အပြင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သိပ်နာမည်မကောင်းလှတဲ့ Exxon Mobil အကြီးအကဲဟောင်းကိုလည်း သူက နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ လူ့အခွင့်အရေးကို ဦးစားပေးမလား၊ ထည့်သွင်းမှာလားဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး။ မူဆလင် အစွန်းရောက်တွေကို နှိမ်နင်းဖို့ Trump ရဲ့ အပြောအဆိုတွေဟာ မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဗုဒ္ဓဘာသာအစွန်းရောက်တွေက ပိုမို နှိပ်ကွပ်လာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။”

အမေရိကန်သမ္မတသစ် Doanld Trump ဟာ မြန်မာနိုင်ငံအကြောင်းကို သိပ်မသိသလို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်း စဉ်းစားမှာ မဟုတ်ဘူးလို့လည်း Brad Adams က ပြောပါတယ်။

“Donald Trump က မြန်မာနိုင်ငံ ဘယ်မှာရှိတယ်ဆိုတာကိုတောင် သိချင်မှ သိမှာပါ။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လို လုပ်ဆောင်မလဲ၊ တော်တယ်လို့ဆိုရမယ့် လက်ရှိ သံအမတ်ကြီးကိုပဲ ဆက် ခန့်ထားမလား။ ဒါမှမဟုတ် နိုင်ငံရေးအရ လူသစ်ကို ခန့်မလား၊ ဝါရှင်တန်ကနေ တရုတ်ကို ဆန့်ကျင်ဖို့အတွက် ဗျူဟာ ချမှတ်တဲ့နေရာမှာ မြန်မာကို ထည့်သုံးဖို့ ညွှန်ကြားချက်တွေ ပေးမလား။ ဒါတွေကို တပ်အပ် မပြောနိုင်သေးပါဘူး။”

သမ္မတ Trump ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံအကြောင်းကိုသိပ်မသိပါဘူး။ မြန်မာနိုင်ငံ ပဋိပက္ခဖြစ်နေတဲ့နေရာ ၃ ခုမှာရှိတဲ့ ဒေသခံပြည်သူတွေကို အထောက်အကူပေးနေတဲ့ WFP ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကနေတဆင့် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၅ သန်းဖိုးရှိတဲ့ အကူအညီတွေကို ပေးသွားဖို့ရှိနေပေမယ့် လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ကတော့ စိုးရိမ်မကင်းဖြစ်နေရဆဲပဲလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG