သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump သမ္မတသစ် ကျမ်းကျိန်ပွဲ ထူးခြားချက်များ


ရွေးကောက်ခံသမ္မတ Donald Trump ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် မြို့တော် ဝါရှင်တန် ဒီစီမှာ လုံခြုံရေးအတွက် ကြိုတင် ပြင်ဆင်မှုတွေကို အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ၅၈ ကြိမ် ရှိလာပြီဖြစ်တဲ့ ဒီ အမေရိကန်သမ္မတတွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေမှာ မတူ ကွဲပြားတဲ့အခြေအနေတွေ ဘယ်လို ရှိခဲ့သလဲဆိုတာကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၂၀၀ ကျော် တည်ရှိခဲ့တဲ့ အမေရိကန်နိုင်ငံသမိုင်းတလျှောက် ပထမဆုံး သမ္မတအဖြစ် ၁၇၈၉ ခုနှစ်မှာ George Washington ကျမ်းသစ္စာကျိန်ဆိုတဲ့ အချိန်ကစလို့ သောကြာနေ့မှာ ၄၅ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မယ့် Donald Trump အထိ အာဏာလွဲပြောင်းမှုတွေကို အဆင်ပြေ ချောမွေ့စေဖို့ ကြိုတင် ပြင်ဆင်မှုတွေကို ဂရုတစိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အမျှ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲဟာလည်း ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ George Washington သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတုန်းက မြင်းရထားစီး ချီတက်ခဲ့ပေမယ့် အခုခေတ်မှာတော့ သမ္မတဟာ ခေတ်မီ တိုးတက်တဲ့ မော်တော်ယာဉ်ကိုစီးတဲ့အခြေအနေ ဖြစ်လာခဲ့ပါပြီ။

သမ္မတကျမ်းသစ္စာ ကျိန်ဆိုတဲ့အချိန်ဟာလည်း မူလက မတ်လမှာ ကျင်းပခဲ့ရာကနေ အခုဆိုရင် ဇန်နဝါရီလ ၂၀ ရက်နေ့ကို ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုတဲ့ လွှတ်တော် အဆောက်အဦးကနေ အိမ်ဖြူတော်ရှိရာကို Pennsylvania Ave. လမ်းမကြီးတလျှောက် ချီတက်လာတဲ့ သမ္မတ၊ ဒုသမ္မတနဲ့ မိသားစုဝင်တွေကို လမ်းဘေး တဖက် တချက်မှာရှိနေကြတဲ့ ထောက်ခံအားပေးသူ အများပြည်သူကို သမ္မတစီးတဲ့ကားထဲကနေသာ နှုတ်ဆက်ခဲ့ကြပေမဲ့လည်း ၁၉၇၇ ခုနှစ်မှာ သမ္မတ Jimmy Carter ကျမ်းသစ္စာကျိန်ဆိုတုန်းက သမ္မတနဲ့ သမ္မတကတော်တို့က ကားထဲကထွက်ပြီး တလမ်းလုံး ခြေလျင်ဆင်းလျှောက်ခဲ့တဲ့အတွက် ပရိတ်သတ်တွေပါ အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ၃၁ ရက်သာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ သမ္မတလည်း ရှိခဲ့ဘူးပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၉ ဦးမြောက် သမ္မတအဖြစ် ၁၈၄၁ ခုနှစ်မှာ ရွေးကောက် တင်မြောက်ခံလိုက်ရတဲ့ သမ္မတ William Henry Harrison, Sr. ဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ သမိုင်းတလျှောက် အရှည်ဆုံး မိန့်ခွန်းကို ပြောကြားခဲ့သူဖြစ်သလို၊ မိုးရွာပြီး ချမ်းအေးနေတဲ့အချိန်မှာ အပေါ် အနွေးထည်မပါပဲ ကျမ်းသစ္စာ ကျိန်ဆိုပွဲတခုလုံးကို တက်ခဲ့တဲ့အတွက် နမိုးနီးယားဖြစ်ပြီး ၃၁ ရက်အကြာမှာ ကွယ်လွန်သွားခဲ့တာပါ။

အရင်ခေတ် ကျမ်းသစ္စာကျိန်ဆိုပွဲတွေမှာတော့ သမ္မတွေကို လူထုအနေနဲ့ လမ်းဘေးကနေ အတားအဆီးမရှိ လွတ်လပ်စွာ ကြည့်ရှု အားပေးခွင့် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အတားအဆီးတွေ၊ လုံခြုံရေးတွေကို တဖြည်းဖြည်း တိုးမြင့်လာခဲ့တာမှာ အခု သမ္မတ Donald Trump လက်ထက်မှာတော့ လူ ၂ ရပ်လောက်ရှည်တဲ့ သံစကာ အမြင့်ကြီးတွေကို ကာရတဲ့အထိ ဖြစ်လာပါတယ်။

လုံခြုံရေးတွေ တိုးမြင့် ချထားတာဟာ အကြမ်းမှုအန္တရာယ်အတွက် စိုးရိမ်ရတဲ့အတွက်လို့ ပြောစရာ ရှိပေမယ့်လည်း အခုတကြိမ် ရွေးကောက် တင်မြောက်ခံလိုက်ရတဲ့ သမ္မတ Trump ဟာ အမေရိကန်သမိုင်းမှာ ထောက်ခံသူ အနဲဆုံး ရခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို မကြိုက်တဲ့သူတွေ များပြီး ဆန္ဒပြကြမယ့်သူတွေ အများအပြား ရှိနေတာကြောင့် အခု တကြိမ် ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတာ ဖြစ်ပါတယ်။

ဝါရှင်တန် ဒီစီ မြို့အပြင် Maryland ပြည်နယ်မှာ နေထိုင်တဲ့ ဦးထွန်းအောင်ကတော့ သူတွေ့ကြုံခဲ့ရတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ မတူညီတဲ့ သမ္မတတွေရဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“မှတ်မှတ်ရရ ရှိတာကတော့ သူတို့ အစဉ်အလာအတိုင်း လုပ်တာက စည်စည်ကားကားနဲ့ ကန့်ကွက်တာတွေ ဘာတွေ မရှိဘူး။ ကျနော် ဒီမှာ သမ္မတ Nixon နှစ်ကနေ အခု Donald Trump အရွေးခံရတဲ့အထိပေါ့လေ၊ အဲဒီမှာဆိုလို့ရှိရင် ရာထူးအပ်နှင်းပွဲ အခမ်းအနားကဆိုလို့ရှိရင် ပြေပြေလည်လည်နဲ့ ရှိတယ်။ ကန့်ကွက်တာ မတွေ့ရဘူး။ အခုက Donald Trump ကိစ္စမှာက ကန့်ကွက်တာက ရှိတယ်။ နောက်ပြီးတော့ ဒီ အခမ်းအနားမတက်မယ့် အမတ်တွေထဲက၊ အဲဒါရှိတယ်၊ အဲဒါ ထူးထူးခြားခြားရှိတယ်။ နောက်ပြီးတော့ သူတို့ ချီတက်တဲ့ ပွဲတွေမှာ ဝါရှင်တန် ဒီစီက တချို့အဖွဲ့တွေက မပါဘူး။ နောက်ပြီးတော့ ဖျော်ဖြေခန်းမှာ နံမည်ကြီး အဆိုကျော်တွေလေ၊ သူတို့က မပါကြဘူး။ အဲဒါကတော့ ထူးခြားတယ်။ Nixon ဆိုလို့ရှိရင်လည်း သူက ပေါ်ပြူလာမဖြစ်ပေမယ့်လည်း သူ့အခမ်းအနားကတော့ စည်စည်ကားကား ရှိတယ်။”

ဦးထွန်းအောင်ဟာ သမ္မတ Richard Nixon လက်ထက်ကစလို့ Maryland ပြည်နယ်မှာ ၄၃ နှစ်ကြာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတဖြစ်ပြီး ကြုံတွေ့ ရင်ဆိုင်ရတဲ့ နိုင်ငံရေးအခြေအနေတွေအရ ရွေးကောက်ခံရပြီး ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မျှော်လင့်ထားတဲ့ အခြေအနေနဲ့ မတူညီတဲ့ ပုံစံမျိုး ပြောင်းလဲသွားခဲ့တဲ့ သမ္မတတွေလည်း အများအပြား ရှိခဲ့ဘူးတယ်လို့ Virginia ပြည်နယ်မှာ နေထိုင်တဲ့ ဦးတင်မောင်သော်က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ မမျှော်လင့်ပဲနဲ့ ကောင်းခဲ့တဲ့ သမ္မတတွေလည်း အများကြီး ရှိပါတယ်။ သိပ်အထင်မကြီးဘူးပေါ့ဗျာ။ အထူးသဖြင့် သမ္မတ ကလင်တန်ဟာဆိုရင်လည်း တက်ခါစကာ သူက Arkansas ဆိုတဲ့ တောပြည်နယ်လေးက Governor (အုပ်ချုပ်ရေးမှူး) ဆိုတော့ သိပ်ပြီးတော့ သူ့ကို မျှော်လင့်ချက် မထားဘူး။ ဒါပေမယ့် သူ့ခေတ်မှာတော့ စီးပွားရေးက အလွန်ကောင်းပါတယ်။ အဲဒီတော့ မထင်တဲ့ဟာတွေက အဲဒီလို ဖြစ်လာတတ်ပါတယ်။”

ဦးတင်မောင်သော်ဟာ ဝါရှင်တန် ဒီစီမြို့အနီးဝန်းကျင်မှာ ၃၈ နှစ်ကြာ နေထိုင်ခဲ့သူဖြစ်ပြီး သမ္မတ ၇ ဆက်ကို ကြုံတွေ့ခဲ့ဘူးသူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG