သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူ ထိပ်သီးအစည်းအဝေးရလဒ် မြန်မာစောင့်ကြည့်


အင်္ဂါနေ့မှာ စင်္ကာပူနိုင်ငံမှာ စတင်တော့မှာဖြစ်ပြီး ဒီဆွေးနွေးပွဲကို မြန်မာပြည်က နိုင်ငံသမားတွေ၊ နိုင်ငံရေး လေ့လာသူတွေ က ကြိုဆိုကြသလို အများကြိုက်နိုင်ငံရေးလုပ်ကွက်တွေကြောင့် အတိမ်းအစောင်းဖြစ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ် ။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ရဲ့ ဆွေးနွေးပွဲအပေါ်မှာ တစ်ကမ္ဘာလုံးက အလေးထားအာရုံစိုက်နေပြီး ဒါဟာ နှစ်ပေါင်း ၇၀လောက် စစ်ရေးတင်းမာခဲ့တာတွေကို အဆုံးသတ်နိုင်မလားလို့လည်း စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲမှာ အနုမြူလက်နက်ဖျက်သိမ်းရေးနဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို အလေးထားနေတဲ့အပေါ်မှာ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ကြိုဆိုလိုက်ပြီး ဆွေးနွေးပွဲအလားအလာအပေါ်မှာ အခုလိုသုံးသပ်ပါတယ်။

“ မြောက်ကိုရီးယားက အခုထက်ထိကို ငြိမ်းချမ်းရေးစာချုပ် လက်မှတ် မထိုးတဲ့အပေါ်မှာတော့ ဒါက ကောင်းမွန်တဲ့ ခြေလှမ်းပေ့ါဗျာ။ နောက်တခုက ကျနော်တို့ အရှေ့တောင်အာရှနဲ့ အရှေ့အာရှကို အနုမြူကင်းမဲ့ဇုံအဖြစ် ဝိုင်းဝန်းကြိုးပမ်းနေတဲ့ ကိစ္စတွေအတွက်လည်း ဒါကတော့ အကျိုးရှိတဲ့ အလားအလာတွေဖြစ်နိုင်တယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း Populist နိုင်ငံရေးလောကရဲ့၊ သူတို့ နှစ်ယောက်ရဲ့ ထင်ပေါ်ကျော်ကြားရေး လုပ်ကွက်တွေကြောင့် အချိန်မရွေး နောက်လည်း ဆုတ်သွားနိုင်တယ်။ လမ်းကလည်း ကောက်သွားနိုင်တယ်။ လွယ်လွယ်ကူကူ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်မယ်တော့ ကျနော်တော့ သိပ်မထင်သေးပါဘူး။ ”

ကိုရီးယားကျွန်းဆွယ်ဟာ တရုတ်၊ ရုရှ၊ ဂျပန်စတဲ့ အင်အားကြီးနိုင်ငံတွေနဲ့ နယ်နမိတ်ချင်း နီးနီးကပ်ကပ်တည်ရှိပြီး အရှေ့၊ အနောက်နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုအကြားမှာ တည်ရှိနေတာဖြစ်ပါတယ်။

လက်ရှိ တရုတ်၊ ရုရှနဲ့ နီးကပ်တဲ့ မြောက်ကိုရီးယားက အမေရိကန်နဲ့ဆွေးနွေးမယ့် အခြေအနေအပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် သုံးသပ်တာကတော့..

“ မြောက်ကိုရီးယားနဲ့ အမေရိကန်ဆိုတာတော့ သမိုင်းနှစ်ချီလာတဲ့ ရန်သူတွေကြီးတွေပေါ့နော်။ ဒါပေမဲ့ အဲလို အစေးမကပ်လှတဲ့ ရန်သူတွေကြီးတွေတောင်မှ အချင်းချင်း တွေ့ဆုံဆွေးနွေးတဲ့ အဆင့်မျိုးရောက်အောင် တွန်းပို့နေတဲ့ ကာလမှာ ကျနော်တို့ကလည်းပဲ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတဲ့ နေရာမှာ ၊ ကမ္ဘာနိုင်ငံများနဲ့ ဆက်ဆံတဲ့နေရာမှာ ကျနော်တို့ အိုင်ဒီယာတွေ ပြောင်းဖို့ လိုအပ်ပြီလားဆိုတာ ကျနော်တို့ စဉ်းစားဖို့ လိုအပ်ပြီလားလို့ ကျနော်မြင်ပါတယ်။ တရုတ်နိုင်ငံတခုတည်းကိုပဲ အမှီအခိုပြုပြီးတော့မှ ရပ်တည်သွားမယ်ဆိုရင်တော့ ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ တိုးတက်ရာတိုးတက်ကြောင်း နောက်တဆင့် ပြည်ထောင်စုကြီးရဲ့ လုံခြုံရေးကို စိတ်ချရပါ့မလားဆိုတာကိုလည်းပဲ ထည့်တွက်ဖို့ လိုအပ်လာပါပြီ။ ”

နိုင်ငံခြားရေးဝန်ကြီးဌာနက အငြိမ်းစားသံတမန်တဦးဖြစ်တဲ့ ဦးမြထွန်းကတော့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်က ရရှိနိုင်မယ့် အကျိုးရလဒ်ကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“ Trump နဲ့ Kim ရဲ့ ထိပ်သီးဆွေးနွေးပွဲရဲ့ ရလဒ်ဟာ အားလုံးကလည်း မျှော်လင့်နေပါတယ်။ ကောင်းသော ရလဒ် ရလိမ့်မယ်လို့ ယူဆရပါတယ်။ ပြီးတော့ မြောက်ကိုရီးယားနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်သွားရင် နိုင်ငံတကာက ဖိအားပေးမှုတွေလည်း လျော့သွားပြီးတော့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အခါမှာ စိတ်သန့်သန့်နဲ့ပေါ့လေ ဆက်ဆံလို့ ရမယ့် အနေအထား ရောက်သွားတဲ့ အကျိုးများကို ရရှိလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။ ”

အမေရိကန်အစိုးရဘက်ကတော့ ဆွေးနွေးပွဲမစတင်မီမှာ မြောက်ကိုရီးယားဘက်က အနုမြူလက်နက်ထုတ်လုပ်ရေးနဲ့ တာဝေးပစ်ဒုံးလက်နက်အစီအစဉ်တွေအားလုံးကို ဖျက်သိမ်းမယ်ဆိုတဲ့ ကြိုတင် ကတိပေးတာတွေကို ရရှိထားကြောင်း သတင်းထုတ်ပြန်ထားသလို သမ္မတ Trump အနေနဲ့လည်း ဆွေးနွေးပွဲအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG