သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ပြဿနာ ဥပဒေရေးရာနှင့်နိုင်ငံရေးအလားအလာ (သုံးသပ်ချက်)


U.S. President Donald Trump
U.S. President Donald Trump

အမေရိကန် ပြည်ထောင်စုမှာ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ဆိုကြပေမယ့် သမ္မတ တယောက်က ရာဇဝတ်နဲ့ ပတ်သက်လာတယ်ဆိုရင်ကော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ဒေါ်နယ် ထရမ့်ဟာ သူ့ရဲ့ရှေ့နေဟောင်း Cohen စွပ်စွဲခံနေရတဲ့ ပြစ်မှုတွေနဲ့ပတ်သက်ကြောင်း ပိုမိုပေါ်လွင် ထင်ရှားလာနေပါတယ်။ ဒါကြောင့် တရားစွဲဆိုခံရနိုင်သလား ဒါမှမဟုတ် နိုင်ငံရေးနည်းနဲ့ ကုစားနိုင် သလားဆိုတာ VOA သတင်းထောက် Jim Malone ရေးတဲ့ သတင်းကို ဦးကျော်ဇံသာက တင်ပြပါမယ်။

Donald Trump ရဲ့ရှေ့နေဟောင်း မိုက်ကယ်လ် ကိုဟင်က သူဟာ မဲဆွယ် ရန်ပုံငွေဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့တာက ထရမ့်ပ်ရဲ့ညွှန်ကြားချက်အရ လုပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုလာပြီး တဲ့နောက် ဒီကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ထရမ့်ပ်ကတော့ အနောက်ဗာဂျီးနီးယား ပြည်နယ်မှာ လူထုကို တရားဟောတဲ့အခါမှာ ဒါကို ထည့်မပြောဘဲ သူ့အစိုးရလက်ထက်မှာ အမေရိကန်ဟာ ထပ်မံပြီးတော့ အနိုင်ရနေတယ်၊ ကမ္ဘာတဝန်းလုံးရဲ့ လေးစားမှုကို ရရှိလာတယ်၊ အမေရိကန်သည်သာလျှင် ပထမဖြစ်တယ်ဆိုပြီး ပြောဆိုနေပါလေရဲ့။

ဒါပေမယ့် ရှေ့နေဟောင်း ကိုဟင်ရဲ့ပြစ်မှုနဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ မဲဆွယ်ရေးမန်နေဂျာ ပေါလ် မဲန်နာဖော့ဒ်ရဲ့ ငွေကြေးလိမ်လည်မှုတို့ဟာ ပြိုင်ဘက် ဒီမိုကရက်တွေအဖို့ မကြာခင်ပြုလုပ်လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ထိုးနှက်တိုက်ခိုက်စရာ နိုင်ငံရေးလက်နက်တွေ ဖြစ်သွားခဲ့ပါတယ်။ အထက်လွှတ်တော် ဒီမိုကရက်အမတ် အများစုရဲ့ခေါင်းဆောင် ချပ် ရှူးမားက လွှတ်တော်တွင်းမှာ အခုလို ပြောသွားခဲ့တာပါ။

“ကျနော့်ရဲ့ ရီပတ်ဘလီကင်မိတ်ဆွေတွေ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံဥပဒေရဲ့မျက်နှာမထောက်ဘဲ ဒီကိစ္စ မှာ နှုတ်ဆိတ်နေကြမယ်ဆိုရင် ခင်ဗျားတို့ပါတီဟာ သမ္မတနဲ့ပတ်သက်နေတဲ့ ခြစားပျက်စီးမှုမှာ အလိုတူ အလိုပါတွေ ဖြစ်သွားပါလိမ့်မယ်။”

ဥပဒေရေးရာနဲ့ပတ်သက်ပြီး သုံးသပ်သူတွေကတော့ ကိုဟင်ကျူးလွန်တဲ့အမှုတွေမှာ သမ္မတ ပတ်သက် နေနိုင်တဲ့ ကိစ္စဟာ သမ္မတကို ဥပဒေအရ အန္တရာယ်ကျရောက်စေနိုင်တယ်လို့ ဆိုနေကြပါတယ်။

“အခုကတော့ သူဟာ စွဲချက်တင်မခံရသေးတဲ့ ပူးပေါင်းကြံစည်သူပါ။ စွဲချက်တင်ခံရနိုင်ပါတယ်။ အခု မေးရ မှာက - လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတတယောက်ကို စွဲချက်တင်လို့ ရမရ ဆိုတာပဲဖြစ်ပါတယ်။ သူ့ကို စွပ်စွဲပြစ်တင်နိုင်တယ်ဆိုတာက ရှင်းပါတယ်။ ဒါပေမယ့် အဲဒီလို စွပ်စွဲပြစ်တင်ဖို့ impeach လုပ်ဖို့ဆိုတာကလည်း အောက်လွှတ်တော်နဲ့အထက်လွှတ်တော်မှာ သူ့ရဲ့ ရီပတ်ဘလီကင်ပါတီက အားသာနေရင် မဖြစ်နိုင်ပါဘူး။”

ဂျော့ချ် ဝါရှင်တန်တက္ကသိုလ် ဥပဒေပါမောက္ခ ပေါလ်စထရစ်ပ် ဘားမဲန်း ပြောသွားတာ ဖြစ်ပါတယ်။

တကယ်လို့ သမ္မတဟာ နောက်ဆုံးတနေ့ ရာဇဝတ်မှုတစုံတရာနဲ့ စွဲချက်တင်ခံရခြေ ရှိလာတယ်ဆိုရင်တော့ တရားရုံးရဲ့စွဲချက်ထက် လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခံရတာကမှ သူ့အတွက် ပိုပြီး သက်သာရာရနိုင်ပါတယ်။ တာဝန်ထမ်းဆောင်ဆဲ သမ္မတတယောက်ကို စွဲချက်တင် မခံရနိုင်အောင် တားဆီးနိုင်ဖွယ်ရှိတဲ့ ဌာနတွင်း လမ်းညွှန်ချက်တွေက တရားရေးဌာနမှာ တာရှည် တည်ရှိလာခဲ့တာပါ။ ၁၉၉၈-၉၉ တုန်းက သမ္မတ ဘီလ်ကလင်တန်၊ တခါ ဒိမတိုင်ခင် ၁၉၇၄ တုန်းကလည်း သမ္မတ ရစ်ချတ်နစ်ဆင်တို့ကို စွပ်စွဲပြစ်တင်ရေးနဲ့ စုံစမ်း စစ်ဆေးမှုတွေအတွင်း ဒီလမ်းညွှန်ချက်တွေအတိုင်း ဖြစ်သွားခဲ့တာပါပဲ။ ဒါပေမယ့် သမ္မတတယောက်ဟာ ရာထူး သက်တမ်း ထမ်းဆောင်ပြီးတဲ့နောက်မှာတော့ တရားရုံးမှာ သူ့ကို ရာဇဝတ်မှုနဲ့စွဲချက်မတင်ရဘူးလို့ ဖွဲ့စည်းပုံက တားမြစ်ထားတာ မရှိပါဘူး။

သမ္မတကလင်တန်ဟာ မော်နီကာ လူဝင်းစကီးနဲ့ရှုပ်တဲ့ကိစ္စ လိမ်ညာထွက်ဆိုခဲ့တဲ့အတွက် အောက်လွှတ်တော်က စွပ်စွဲပြစ်တင်တာ ခံရပေမယ့် အထက်လွှတ်တော်က စစ်ဆေးတဲ့အခါမှာ တရားသေ လွှတ်ခဲ့ပါတယ်။ သမ္မတ နစ်ဆင်ကတော့ အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ဖို့စတင်ချိန်မှာပဲ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ဒါက ဥပဒေကြောင်းပါ။ တခါ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် အခုအခါမှာ အထက်လွှတ်တော်က ရီပတ်ဘလီကင်အမတ်တွေ လက်ထဲမှာ ရှိနေဆဲပါ။ နိုဝင်ဘာ သက်တမ်းဝက်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက လွှမ်းမိုးပြီး ဒေါ်နယ်ထရမ့်ပ်ကို စွပ်စွဲပြစ်တင်မယ်၊ impeach လုပ်မယ်ဆိုသည့်တိုင်အောင် အထက်လွှတ်တော်ကတော့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

“သမ္မတတယောက်ကို ပြစ်မှုထင်ရှားစီရင်ဖို့ အထက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံရဲ့မဲ လိုအပ်ပါတယ်။ သမ္မတနှစ်ယောက်ကို စွပ်စွဲပြစ်တင်ခဲ့ဖူးပါတယ်။ သမ္မတအင်ဒရူးဂျွန်ဆင်ရော၊ သမ္မတ ဘီလ်ကလင်တန်ပါ ရာထူးက ဖယ်ရှားတာ မခံခဲ့ရပါဘူး။”

ဥပဒေသုံးသပ်သူ ဆိုင်ယဲန်ခရစ္စနာ ပါရာကက်ရှ် ပြောသွားတာဖြစ်ပါတယ်။ သမ္မတရဲ့ရှေ့နေ ရူဒီ ဂျူလီယားနီး ကတော့ သမ္မတဟာ စွပ်စွဲစစ်ဆေးမှုတွေ ခံရနိုင်တယ်ဆိုတဲ့ကိစ္စကို လုံးဝပယ်ချပါတယ်။

“စွပ်စွဲမေးမြန်းတဲ့ကိစ္စဟာ လုံးဝ အဓိပ္ပာယ် မရှိဘူးလို့ ထင်ပါတယ်။ အဲဒီလို လုပ်စရာအကြောင်း လုံးဝ မရှိပါဘူး။ သူဟာ ရုရှားနဲ့လည်း ထိပ်တိုက် မတွေ့ပါဘူး။ တရားစီရင်ရေးကိုလည်း မပိတ်ဆို့ပါဘူး။ ကိုဟင်ပြောသမျှကို သက်သေ မပြနိုင်ပါဘူး။ နိုင်ငံရေး ရည်ရွယ်ချက်အတွက်ပဲ စွပ်စွဲမေးမြန်းနိုင်ပါလိမ့်မယ်။ အဲဒီလိုလုပ်ရင်လည်း အမေရိကန်လူထုက အုံကြွ ဆန့်ကျင်ပါလိမ့်မယ်။”

ဒီလိုပါပဲ၊ သမ္မတတယောက်ကို စွပ်စွဲချက်နဲ့ စစ်ဆေးမယ်လုပ်တိုင်း ဥပဒေကြောင်းနဲ့နိုင်ငံရေးတို့အကြား အထိန်းအညှိတွေ ရှိတတ်စမြဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို စတင် တည်ထောင်ခဲ့ကြသူတွေက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်အကြားမှာ အာဏာသီးခြားခွဲဝေမှုကိုလည်း မထိခိုက်ရလေအောင်၊ သမ္မတကိုလည်း ကွန်ကရက်လွှတ်တော်က တနည်းအားဖြင့် ဥပဒေပြုအဖွဲ့က ထိန်းညှိနိုင်အောင် ဒီလို စီစဉ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ပ် ဟာ ရာဇဝတ်မှု တစုံတရာနဲ့ စွပ်စွဲခံလာရရင်လည်း ဒါကို တရားသူကြီးတွေ၊ ဂျူရီလူကြီးတွေက မဆုံးဖြတ်ဘဲ ကွန်ကရက်စ်လွှတ်တော်ကသာ ဆုံးဖြတ်နိုင်မယ့် အလားအလာရှိနေကြောင်းပါ-တဲ့။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG