သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်အင်္ဂါ ပြောင်းထားသူတွေ စစ်တပ်ထဲ လက်မခံဖို့ Trump ကြေညာချက် အပေါ် အမတ်တွေ တုံ့ပြန်


လိင်အင်္ဂါ ပြောင်းထားသူတွေကို အမေရိကန် စစ်တပ်ထဲမှာ ဘယ်နည်းနဲ့မှ လက်မခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဆုံးဖြတ်တာဟာ စစ်ဘက် အတွက် အကောင်းဆုံးကို စဉ်းစားဆုံးဖြတ်တာ ဖြစ်ပြီး သမ္မတက သူ့ရဲ့အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ဒါပေမယ့်လည်းအောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Nancy Pelosi အပါအဝင် အောက်လွှတ်တော် အမတ်တွေကတော့ အပြင်း အထန် ပြစ်တင်ရှုတ်ချ ကြပါတယ်။

သမ္မတထရမ့်ပ်ရဲ့ဆုံးဖြတ်ချက် ထွက်လာတဲ့နေ့ဟာ စစ်ဘက်ထဲမှာ လိင်အင်္ဂါပြောင်းထားသူတွေ ကိုပါ လက်ခံဖို့ ၁၉၄၈ ခုနှစ်မှာ သမ္မတ Harry S. Truman က လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်ခဲ့တဲ့နေ့နဲ့ တရက်တည်း ဖြစ်နေတာကို မစ္စစ် Pelosi က ထောက်ပြ ပါတယ်။

သမ္မတထရမ့်ပ်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတာဝန်ကို ထမ်းဆောင်ချင်တဲ့ လိင်အင်္ဂါပြောင်းထားသူ အမေရိကန် နိုင်ငံသားတွေကို အရှက်ရ စေဖို့ ရည်ရွယ်တဲ့ ရက်စက်ပြီး ကျိုးကြောင်းမဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မစ္စစ် Pelosi ကပြောပါတယ်။

၁၉၆၀ ခုနှစ်တွေ အတွင်း Vietnam စစ်သုံ့ပန်း ဖြစ်ခဲ့သူ ဝါရင့် Republican အထက်လွှတ်တော် အမတ် John McCain ကလည်း ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့ လိင်အင်္ဂါပြောင်းထားသူ တွေကို အမေရိကန် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုထားပြီး ဖြစ်သလို အများအပြားဟာနိုင်ငံ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေကြတာ ဖြစ်ကြောင်းနဲ့ ကျန်းမာရေး ကောင်းမွန်ပြီး သတ်မှတ်ချက်တွေကို လိုကိနာသူဖြစ်ပါက တာဝန်ထမ်းဆောင်ခွင့် ပေးသင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Florida ပြည်နယ် Republican အောက်လွှတ်တော်အမတ် Ileana Ros-Lehtinen ကလည်း လိင်ကွဲပြားမှု အပေါ် အခြေခံပြီး ဘယ်အမေရိကန် နိုင်ငံသားကိုမှ မိမိ နိုင်ငံ့တာဝန် ထမ်းဆောင်မှု ကနေ တားမြစ်ဖို့ မသင့်တော်ကြောင်း ပြောပါတယ်။

သမ္မတထရမ့်ပ် ကတော့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေ သိပ်ကြီးမားလွန်းတာနဲ့ အနှောင့်အယှက် ဖြစ်တာတွေကို ထောက်ပြပြီး လိင်အင်္ဂါ ပြောင်းထားသူတွေကို စစ်ဘက်ထဲမှာ ဘယ်လို နေရာမျိုးမှာမှ မရှိစေချင်ဘူးလို့ ပြောတာပါ။ ဒါပေမယ့်လည်း လက်ရှိ တပ်ထဲမှာ အမှုထမ်းနေတဲ့ လိင်အင်္ဂါ ပြောင်းထားသူ ၄၀၀၀ ခန့်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ သမ္မတ အိမ်ဖြူတော်က ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ ခုလို Twitter က တဆင့် ကြေညာခဲ့တာဟာ လိင်အင်္ဂါပြောင်းထားသူတွေ အတွက် အမေရိကန် စစ်တပ်ထဲမှာ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ နောက်ဆုံးကန့်သတ်ရက် မတိုင်မီ တရက်အလိုက ဖြစ်ခဲ့ပြီး အမေရိကန် ကာကွယ်ရေး ဌာနအနေနဲ့ သမ္မတရဲ့ ကြေညာချက် ခုလို ထွက်ပေါ်လာလိမ့်မယ်လို့ ကြိုတင် သိပုံ မရဘူးလို့လည်း ရှုမြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG