သီတင်း တပတ်ကြာ ဥရောပ ခရီးစဉ်ရဲ့ ပထမ တထောက်နားရာ ဗြိတိန်နိုင်ငံကို အမေရိကန် သမ္မတ Donald Trump နဲ့ ဇနီး Melania Trump တို့ဟာ တနလာၤနေ့က ဆိုက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော် ဧည့်သည်တော် အဖြစ် သွားရောက်ခဲ့တဲ့ ဒီ ခရီးစဉ် အတွင်း လန်ဒန်မှာ ဗြိတိန် ဘုရင်မကြီး Elizabeth က လက်ခံ ကြိုဆိုခဲ့ပြီး Buckingham နန်းတော်မှာ ညစာစားပွဲနှင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။ သမ္မတ Trump ရော ဘုရင်မကြီး Elizabeth တို့ နှစ်ဦးစလုံးတို့က နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက စလို့ ခိုင်မာ လာခဲ့တာကို ချီးကျူးပြောကြားခဲ့ကြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ။
ဗြိတိန် ဒုတိယမြောက် ဘုရင်မကြီး Elizabeth ဟာ Buckingham နန်းတော်မှာ တနင်္လာနေ့ညက နိုင်ငံတော် ဧည့်သည်တော်တွေဖြစ်တဲ့ အမေရိကန် သမ္မတ Donald Trump နဲ့ ဇနီး Melania Trump တို့ကို အမှူးထားပြီး ဧည့်သည်တော် ၁၇၀လောက်တက်ရောက် ခဲ့တဲ့ နိုင်ငံတော် ညစာစားပွဲမှာ ၂၁ ရာစု အကဲစမ်းမှုများကို ရင်ဆိုင်နေရတဲ့ ၂ နိုင်ငံအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ခိုင်မာခဲ့တဲ့ မဟာမိတ်ဆက်ဆံရေးကို ပြန်ပြောင်းသတိရစေတယ်လို့ ဘုရင်မကြီးက ပြောခဲ့ပါတယ်။
“၂၁ ရာစုရဲ့ အကဲစမ်းမှု အသစ်တွေကို ရင်ဆိုင်ရာမှာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့တဲ့ D Day နှစ်ပတ်လည် အထိမ်းအမှတ်ဟာ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းမှုတွေကို ပြန်ပြောင်း အမှတ်ရစေပါတယ်။ ဒုတိယ ကမ္ဘာစစ်က အတူတကွ အသက်ပေး စွန့်လွှတ်ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အမေရိကန် ပြည်ထောင်စုနှင့် တခြား မဟာမိတ် နိုင်ငံတွေဟာ စစ်ရဲ့ ဆိုးရွားလှတဲ့ အနိဌာရုံတွေ ထပ် မကြုံတွေ့ရလေအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ချမှတ် တည်ထောင်ခဲ့ကြပါတယ်။
ကမ္ဘာကြီးက ပြောင်းလဲလာပေမယ့် အသက်ပေး တိုက်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ ကျမတို့ နိုင်ငံတွေ ချမှတ်ခဲ့တဲ့ စနစ်တွေရဲ့ မူရင်း ဦးတည်ချက်တွေကိုတော့ အမြဲ သတိရ နေကြမှာ ဖြစ်ပါတယ်။”
ဘုရင်မကြီး Elizabeth ဟာ အမေရိကန် ရဲ့ ၃၄ ဦးမြောက် သမ္မတလည်းဖြစ် တချိန်က အမေရိကန်စစ်တပ်မှာ ကြယ် ၅ ပွင့် ဗိုလ်ချုပ်လည်းဖြစ်တဲ့အပြင် မဟာမိတ်တပ်တွေ နော်မတီကမ်းခြေ တိုက်စဉ်ကဥရောပမဟာမိတ်တပ်မတွေကို ထိုစဉ် ဦးစီးခဲ့တဲ့ Dwight D. Eisenhower သမ္မတ ဖြစ်ခဲ့တဲ့ လက်ထက်အတွင်း အမေရိကန် ပြည်ထောင်စုကို ပထမဦးဆုံးအကြိမ် နိုင်ငံတော် ဧည့်သည်တော်အဖြစ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ညစာစားပွဲမှာ ဘုရင်မကြီးက သမ္မတ Eisenhower ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့ပြီး ၂ နိုင်ငံအနေနဲ့ လုံခြုံရေးသာမက အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ စီးပွားရေးအပြင် ယဉ်ကျေးမှုအဆက်အနွယ်အားကောင်းမှုကိုလည်း ထောက်ပြခဲ့ပါတယ်။
“နှစ်နိုင်ငံ အနေနဲ့ လုံခြုံရေး ကြောင့်သာ စည်းလုံး ညီညွတ်တာ မဟုတ်ပ့ါဘူး။ ကျမတို့ မျှဝေတဲ့ ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း အားကောင်း ခိုင်မာအောင် လုပ်ဆောင်ကြပါတယ်။ ဗြိတိန်ကို နှစ်စဉ် အမေရိကန် နိုင်ငံသား ၄ သန်းလောက် လာလည်ကြပါတယ်။ အများစုက ဗြိတိန် နွယ်ဖွားတွေ ဖြစ်ကြပါတယ်။ သမ္မတကြီး ကိုယ်တိုင်လည်း ကျမတို့ နိုင်ငံနဲ့ အထူး ဆက်စပ်မှုကတော့ စကော့မျိုးနွယ်ဝင် ဖြစ်လို့ပါဘဲ။”
ဗြိတိန်နဲ့ အမေရိကန်တို့မှာ ၂ နိုင်ငံစီးပွားရေး ရင်းနှီးမြှုပ်နှံမှုမှာ အပြန်အလှန်အများဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ သွားရောက်လုပ်ကိုင်နေတဲ့ ဗြိတိန်ကော်မတီတွေအနေနဲ့လည်း အမေရိကန်နိုင်ငံသား ၁ သန်းနီးပါးလောက်ကို အလုပ်ကိုင်ဖန်တီးပေးတယ်လို့လည်း ဗြိတိသျှဘုရင်မကြီးက ပြောခဲ့ပါတယ်။ သမ္မတ Trump ကလည်း နှစ် ၇၀ ကြာ နှစ်နိုင်ငံဆက်ဆံရေး အနှစ်သာရကို မီးမှောင်းထိုးပြခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံသားတွေရဲ့ သတ္တိ ကိုလည်း အခုလို ချီးကျူးခဲ့ပါတယ်။
“အမှောင်ကျနေတဲ့ ခေတ်တုန်းက ဗြိတိသျှ နိုင်ငံသားတွေဟာ ကမ္ဘာကို သူတို့ ဗြိတိသျှ လူမျိုးဖြစ်ရတဲ့ ဂုဏ်ကို ပြသနိုင်ခဲ့ကြပါတယ်။ လမ်းမတွေပေါ်မှာ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားခဲ့ကြသလို စစ်ဒဏ်ခံခဲ့ရတဲ့ သူတို့ရဲ့ နေအိမ်တွေမှာလည်း ယူနီယံဂျက် အလံကို လွှင့်ထူနိုင်ခဲ့ကြပါတယ်။ အောင်ပွဲခံတဲ့ အထိ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အောင်ပွဲခံဖို့ကို မဆုတ်မနစ် ကြိုးပမ်းခဲ့ကြတယ်။ ဗြိတိသျှ နိုင်ငံရဲ့ သားကောင်း သမီးကောင်းတွေဟာ သူတို့ ကံကြမ္မာ သူတို့လက်ထဲမှာ ရှိတယ်ဆိုတာကို အာမခံချက် ရရှိဖို့ သတ္တိပြခဲ့ကြတာ ဖြစ်ပါတယ်။”
သမ္မတ Trump နဲ့ ဘုရင်မကြီး Elizabeth ဟာ ညစာစားပွဲမှာ လွတ်လပ်မှု ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ကိုယ့်ကမ္မာကိုယ်ဖန်တီးမှု အစရှိတဲ့ တူညီသောစံထားချက်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ ခိုင်မာတယ်လို့ ထောက်ပြခဲ့ပါတယ်။ သမ္မတ Trump က လက်ရှိခရီးစဉ်မှာ သမ္မတ ကတော်အပြင် သူ့ရဲ့ အရွယ်ရောက်တဲ့ သားသမီးတွေဖြစ်ကြတဲ့ အိမ်ဖြူတော် ထိပ်တန်းအရာရှိ Ivanka Trump အပြင် Donald trump jr, Eric Junior နဲ့ သမီးအငယ်ဆုံး Tiffany Trump တို့လည်း ဒီခရီးစဉ်မှာ လိုက်ပါခဲ့ပါတယ်။ သမ္မတ Trump အနေနဲ့ ရာထူးကနေ ဇွန်လ ၇ ရက်နေ့ နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် May နဲ့ ဒီကနေ့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ D- day ခေါ် ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွေကိုတော့ အင်္ဂလိပ်ရေလက်ကြား တဖက်တချက်ရှိ ဗြိတိန်နဲ့ ပြင်သစ် ၂ နိုင်ငံစလုံးမှာ ကျင်းပမယ့် အခမ်းအနားကို တက်ရောက်ဖို့ရှိပြီး အိုင်ယာလန်ကိုလည်း သမ္မတအဖြစ်နဲ့ ပထမဦးဆုံးအကြိမ် ဒီခရီးစဉ်မှာ သွားရောက်ဖို့ ရှိပါတယ်။