သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော် အခြေပြမိန့်ခွန်းအပေါ် နိုင်ငံတကာ တုံ့ပြန်


အမေရိကန်သမ္မတ Donald Trump နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားစဉ် (ဖေဖော်ဝါရီ ၀၅ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားစဉ် (ဖေဖော်ဝါရီ ၀၅ ၂၀၁၉)

ဒီလကုန်လောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-unနဲ့ ဗီယက်နမ်နိုင်ငံ Da Nang မြို့မှာ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ကျင်းပမယ်လို့ အမေရိကန် သမ္မတရဲ့ ကြေညာချက်ကို အမေရိကန်တွေရဲ့မဟာမိတ်တွေက သတိနဲ့ ကြိုဆိုခဲ့ကြပါတယ်။ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ထင်ဟပ်လေ့ရှိတာကြောင့် ကမ္ဘာတဝှမ်းက ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရူနားတောင်ခဲ့ကြတာ ဖြစ်ပြီး သမ္မတ Trump က ဒါကို အင်္ဂါနေ့ကပြောကြားတဲ့ ဒုတိယအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

သမ္မတပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းအပေါ် ကမ္ဘာတလွှားက တုံ့ပြန်ချက်တွေနဲ့ ပတ်သက်ပြီး လန်ဒန်က Henery Ridgewell သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒီလကုန်တွေ့ဆုံဖို့ ရှိတယ်လို့ သမ္မတ Donald Trump က ကြေညာပါတယ်။ ဒါဟာ သူ့ရဲ့ အောင်မြင်တဲ့ နိုင်ငံခြားရေးမူဝါဒတခုအဖြစ်လည်း ကြေညာခဲ့တာပါ။

“နြူကလီယားစမ်းသပ်မှုတွေ ရပ်သွားပါပြီ။ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မလုပ်တာလည်း ၁၅ လ ကျော်နေပါပြီ။”

သူသာ ၂၀၁၆ မှာ သမ္မတအဖြစ် အရွေးမခံခဲ့ရဘူးဆိုရင် အခုအချိန်လောက်ဆို အမေရိကန် ဟာ မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နေလောက်ပြီလို့လည်း ပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားနဲ့ ညှိနှိုင်းမှုတွေ အောင်မြင်တယ်လို့ သူ့ပြောဆိုချက်ဟာ အငြင်းပွါးစရာ ဖြစ်နေတယ်လို့ ဗြိတိန်အခြေစိုက် Chatham House က Leslie Vinjamuri ကပြောပါတယ်။

“မြောက်ကိုရီးယားက သူ့ရဲ့ နြူကလီယားအစီစဉ်ကို ဆက်လုပ်မယ့် အထောက်ထားတွေတော့ တွေ့နေရပါတယ်။”

တောင်ကိုရီးယား သမ္မတပြောခွင့်ရ Kim Eui-kyeom က သမ္မတ Trump ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲလုပ်မယ့် ကြေညာချက်အတွက် ကြိုဆိုခဲ့ပါတယ်။

“ဗီယက်နမ်မှာ ခေါင်းဆောင် ၂ ဦးတွေ့တဲ့အခါ ပိုတိကျမှုရှိပြီး ပိုလက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”

တောင်ကိုရီးယားဘက်က သတိထား ပြောဆိုပုံရတယ်လို့ အမေရိကန်မူဝါဒရေးရာ သုံးသပ်သူ James D. Boys ကပြောပါတယ်။

“သမ္မတ Donald Trump က သူ့ရဲ့ တပ်ရုပ်သိမ်းဖို့တွေကိုပဲ ဆက်ပြီး လုပ်နေမလားလို့ တောင်ကိုရီးယားက လူတွေက စိုးရိမ်နေကြပါတယ်။ သူက နြူကလီယားဆိုင်ရာ ဘယ်သဘောတူညီချက် အတွက်ပဲဖြစ်ဖြစ် အလဲအလှယ်လုပ်တဲ့ အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကနေ အမေရိကန်တပ်တွေကို ပြန်ရုပ်သိမ်းဖို့ လုပ်လေမလား ဆိုတာကို ပြောနေကြမယ်လို့ ထင်ပါတယ်။”

အာဖဂန်နစ်စတန် နိုင်ငံမှာတော့ သမ္မတ Trump က အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းမယ်လို့ ထပ်တလဲလဲ ပြောနေပြီး တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

“ကြီးမြတ်တဲ့ နိုင်ငံတွေဟာ အဆုံးမရှိတဲ့ စစ်ပွဲတွေကို မတိုက်ကြပါဘူး။”

ဒါ့အပြင် ဆီးရီးယားက IS စစ်သွေးကြွတွေကို တိုက်ထုတ်နိုင်ပြီလို့လည်း သမ္မတက ကြေညာခဲ့ပါတယ်။

“သွေးဆာနေတဲ့ လူသတ်ကောင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အားလုံးနီးပါးကို ကျနော်တို့ လွတ်မြောက်အောင် လုပ်ပေးခဲ့ပြီးပါပြီ။”

ဒါပေမယ့် ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတာအတွက် အမေရိကန်ရဲ့ မဟာမိတ်တွေက စိုးရိမ်နေတယ်လို့ Leslie ကပြောပါတယ်။

“တာလီဘန်တွေ လက်ခံနိုင်မယ့် ငြိမ်းချမ်းရေးသဘောတူညီချက် တကယ်ပဲ ထွက်ပေါ်လာနိုင်ခြေရှိမရှိက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်က အမျိုးသမီးထုရဲ့ အကြီးအကျယ်စိုးရိမ်မှု တခုဖြစ်ပြီး သဘောတူညီချက်ထွက်လာရင် ဘာတွေဖြစ်မယ်ဆိုတာကိုလည်း စိုးရိမ်နေကြတာပါ။ တချိန်တည်းမှာပဲ သမ္မတ Trump က ဆီးရီးယားက အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ လုပ်နေတာမို့ ဆီးရီးယား တည်ငြိမ်ရေးရော၊ IS စစ်သွေးကြွတွေ ပြန်ကြီးထွားလာမလား ဆိုတာတွေ အတွက်ပါ အထူးစိုးရိမ်မှု တွေကလည်း ရှိနေတာပါ။”

သမ္မတ Trump က ရုရှားဟာ စစ်အေးခေတ်က အမေရိကန်နဲ့ ရုရှားကြား ချုပ်ဆိုခဲ့တဲ့ ဒုံးလက်နက်ဆိုင်ရာ စာချုပ်ကို ချိုးဖေါက်နေတယ်လို့ စွပ်စွဲပြီး နုတ်ထွက်ခဲ့သလို စာချုပ်အသစ် မချုပ်ဆိုနိုင်ခဲ့ရင် အမေရိကန်က တခြားလက်နက်အသစ်တွေကိုပါ ငွေကုန်ကြေးကျခံပြီး တီထွင်မယ်လို့ သတိပေးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်မူဝါဒရေးရာ သုံးသပ်သူ James Boys က . . .

“EU ခေါင်းဆောင်တွေ၊ NATO မဟာမိတ်တွေဘက်က သူတို့ပေးရမယ့် ကာကွယ်ရေး အသုံးစရိတ်ရံပုံငွေ မပေးတာအတွက် သမ္မတက သူတို့ကို ပုတ်ခတ်ပြောဆိုမှုတွေ သိသိ သာသာ လုပ်ဆောင်နေချိန်မှာပဲ တရုတ်လိုနိုင်ငံမျိုး ဥပမာ သမ္မတ ရှီကျင့်ပင်လို လူမျိုးကို နွေးနွေးထွေးထွေး ဆက်ဆံပြောဆိုဖို့ လုပ်နေတာက သိသာပါတယ်။”

အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေ အထင်ကြီးလောက်စရာ အချက်လက်သစ်တွေ သိပ်မရှိတဲ့ ဒီနိုင်ငံတော် အခြေပြမိန့်ခွန်းကို ပြည်တွင်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သမ္မတ Trump ပြောဆိုခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG