သုံးရလွယ်ကူစေသည့် Link များ

ကွန်ဂရက်လွှတ်တော် ၂ ရပ်ရှေ့မှောက် ကိစ္စရပ်ပေါင်းများစွာကို ပြောကြားခဲ့တဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ မိန့်ခွန်းဟာ - အမေရိကန်ရဲ့ တောက်ပြောင်တဲ့ အနာဂတ်ကို ပုံဖော်ထားပေမဲ့ - ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ကြားမှာ တုံ့ပြန်မှုတွေ ကွဲပြားနေပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုနဲ့ ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ ခပ်ကြမ်းကြမ်းလုပ်ရပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံကတော့ - ကာကွယ်ရေး အသုံးစရိတ်တွေ အကြီးအကျယ်တိုးမြှင့်မယ့် သမ္မတ Trump ရဲ့ အစီအစဉ်ကို လက်ခံပါတယ်။

သမ္မတ Trump အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဘယ်လောက်အထိ အကုန်အကျခံ သုံးစွဲမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ - ဘယ်လောက်ပမာဏပဲ တိုးတိုး ကမ္ဘာကြီး တည်ငြိမ်မှုရှိအောင် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဂျပန်အစိုးရအတွင်းဝန်ချုပ် Yoshihide Suga က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာတော့ သမ္မတ Trump က ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၅၄ ဘီလီယံအထိ တိုးမြှင့်သုံးစွဲပြီး - လိုအပ်တဲ့ ဘဏ္ဍာငွေကိုတော့ စစ်ဖက်နဲ့မသက်ဆိုင်တဲ့ တခြားအစိုးရလုပ်ငန်းတွေက ဖြတ်တောက်သုံးစွဲသွားလိုကြောင်း ပြောဆိုထားပါတယ်။

သမ္မတ Trump ရဲ့ မိန့်ခွန်းကို သိပ်သဘောမကျတဲ့ တရုတ်နိုင်ငံကတော့ - တဘက်သပ်ကုန်သွယ်မှုတွေကြောင့် ထောင်သောင်းချီတဲ့ စက်ရုံတွေ အမေရိကန်ကနေ တရုတ်နိုင်ငံကို ပြောင်းရွှေ့လာကြလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang ကတော့ - ၂ နိုင်ငံ ကုန်သွယ်မှုတွေဟာ အပြန်အလှန်အကျိုးခံစားနေရပြီး၊ အမေရိကန်-တရုတ် စီးပွားရေး ကောင်စီရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ၊ ၂ နိုင်ငံကြား ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ၂၀၁၅ ခုနှစ်က အမေရိကန်မှာ အလုပ်အကိုင်ပေါင်း ၂ သန်း ၆ သိန်းခွဲ ဖန်တီးနိုင်ခဲ့ကြောင်းလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG