သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတ Trump ၂၀၁၉ နိုင်ငံတော်ခြေပြမိန့်ခွန်း အဓိကဦးစားပေးမည့် ခန့်မှန်းချက်တချို့


မကြာခင်နာရီပိုင်းအတွင်းမှာပဲ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်က နိုင်ငံတော်အခြေပြမိန့်ခွန်းကိုပြောကြားတော့မှာပါ။ ဒီ မိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီ၂ရပ်လုံးက လွှတ်တော်အမတ်တွေကတော့ သမ္မတထရမ့် မိန့်ခွန်းမှာဘာတွေပြောလိမ့် မလဲဆိုတာကို တွက်ဆနေကြပါတယ်။ သမ္မတရဲ့မိန့်ခွန်း မတိုင်ခင် VOA သတင်းထောက် Michael Bowman က အမေရိကန်လွှတ်တော် အမတ်တွေနဲ့ဆက်သွယ်မေးမြန်းပြီးသတင်းပို့ထားတာကို ကိုကျော်အောင်လွင်က ပြောပြ ပါလိမ့်မယ်။

သမ္မတဒေါ်နလ်ထရမ့်ရဲ့ ဒီနှစ်နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ ကောင်းမြတ်မှုကိုရွေးချယ်ခြင်းဆိုတဲ့အချက်ကို ဦးတည်ပြီး ပြောဆိုသွားမှာလို့ အိမ်ဖြူတော်ရဲ့အကြီးတန်းအရာရှိတဦးကပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးကိစ္စ တွေအပေါ်မှာ သမ္မတရဲ့ရပ်တည်ချက်က ဘယ်လိုရှိသလဲဆိုတဲ့အကြောင်း၊ တရုတ်နဲ့ကုန်သွယ်ရေးဆိုင်ရာသဘောတူညီ ချက်တွေမှာ အမေရိကန်အလုပ်သမားတွေကို အကာအကွယ်ပေးမှု၊ NAFTA မြောက်အမေရိက ကုန်သွယ်ရေးသဘော တူညီချက်ကို အစားထိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်တွေလျှော့ချပေးမှုနဲ့ မဆုံးနိုင်တဲ့နိုင်ငံခြားစစ်ပွဲတွေကို ကမ္ဘာ တ၀ှမ်းမှာအဆုံးသပ်ဖို့ စစ်ရေးနဲ့သံတမန်ရေးကြိုးပမ်းမှုတွေ အကြောင်း စတာတွေကို ချပြလိမ့်မယ်လို့လည်း အိမ်ဖြူ တော်အရာရှိကပြောပါတယ်။ အမိမြေလုံခြုံရေးကော်မီတီအဖွဲ့ဝင်လည်းဖြစ်၊ အောက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေး ကော်မီတီရဲ့ထိပ်တန်းအဖွဲ့ ၀င်တဦးလည်းဖြစ်တဲ့ တက္ကဆက်ပြည်နယ်အောက်လွှတ်တော်အမတ် Michael McCaul ကတော့ သမ္မတရဲ့မိန့်ခွန်းအတွင်း ပါဝင်နိုင်မယ့်အဓိကအချက်တွေကို ရှင်းပြပါတယ်။

"အမေရိကန်ပြည်ထောင်စုရဲ့ ကောင်းမြတ်တဲ့အချက်တွေနဲ့ စိတ်ဝမ်းကွဲပြားမှုအစား နိုင်ငံကိုညီညွတ်စေမယ့် အရေးကြီး တဲ့အချက်တွေကို အဓိကထားပြောဆိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ကုန်သွယ်ရေး၊ အခြေခံယန္တရားတည်ဆောက် ရေး၊ အမေရိကန်အလုပ်သမားတွေကို အကာအကွယ်ပေးရေး၊ ရုရှားနဲ့ နျူကလီးယားလက်နက်ဆိုင်ရာ NIFသဘောတူညီ ချက်က နှုတ်ထွက်လိုက်တဲ့ကိစ္စ၊ တရုတ်အမေရိကန်ကုန်သွယ်ရေးအပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းနဲ့ ဗီယက်နမ် မှာတွေ့ဆုံမယ့်အကြောင်းတွေကိုလည်း ကြေညာလိမ့်မယ်လို့ထင်ပါတယ်။"

ဒီမိုကရက်အထက်လွှတ်တော်အမတ် Chuck Schumer ကတော့ သမ္မတထရမ့်ပြောမယ့်မိန့်ခွန်းအပေါ်စိတ်ဝင်တစားရှိပုံ မရပါဘူး။

"အမေရိကန်လူလတ်တန်းစားရဲ့စီးပွါးရေးအခြေအနေတွေဟာ ထရမ့်ကြောင့် ကျဆင်းနေပါတယ်။ ထရမ့်ရဲ့ အစိုးရ ရဲ့အခြေအနေတွေကလည်း ပရမ်းပတာဖြစ်နေပါတယ်။ ထရမ့်နိုင်ငံခြားရေးမူဝါဒရဲ့ အခြေအနေကလည်း စိတ် ပျက်ဖို့ကောင်းအောင် နောက်ပြန်ဆွဲနေပါတယ်။ ပြောင်းပြန်ကို ဖြစ်နေတာပါ။ ဒီသမ္မတဟာ လုပ်ကြံထားတဲ့အချက် အလက်တွေနဲ့ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်မယ်၊ အမေရိကန်ပြည်သူတွေကို လှည့်စားပါလိမ့်မယ်"

ပဋိပက္ခဖြစ်ပွါးနေတဲ့ဒေသတွေကနေ အမေရိကန်တပ်ဖွဲ့တွေ ခပ်မြန်မြန်ရုပ်သိမ်းမယ့်အရေး သမ္မတထရမ့်အစိုးရကလုပ် ဆောင်နေတာနဲ့ပတ်သက်လို့ သဘောမတူတဲ့အကြောင်းနဲ့ ဒီလုပ်ဆောင်မှုတွေကို သတိထားပြီးလုပ်ဖို့ တနင်္လာနေ့ တုန်းကပဲ အထက်လွှတ်တော်မှာအကြိုပြဌာန်းမှုလုပ်ခဲ့ပါသေးတယ်။ သမ္မတထရမ့်အနေနဲ့ ဒီကိစ္စတွေကို အသေအချာ ကိုင်တွယ်စေချင်တဲ့အကြောင်း ကင်တာကီပြည်နယ် ရီပါဘလစ်ကန်အထက်လွှတ်တော်အမတ် Rand Paul ကပြော ပါတယ်။

"ကျနော်တို့တွေနှစ်တွေအတော်ကြာအောင်ပါဝင်ပတ်သက်နေခဲ့တဲ့ တချို့စစ်ပွဲတွေကို အဆုံးသတ်ဖို့သမ္မတ ထရမ့်က ဆက်ပြီးပြောလိမ့်ဦးမယ်လို့ကျနော်ထင်ပါတယ်။ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ တွေကို အိမ်ပြန်လာအောင်ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းတွေကို သမ္မတထရမ့်ပြောလိမ့်မယ်လို့ ကျနော်ထင်ပါတယ်"

အမေရိကန်နဲ့မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရံရေးနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့အတည်ပြုချက်မပါပဲ နိုင်ငံတော်အရေး ပေါ်ကြေညာချက်ထုတ်ပြန်ပြီးလုပ်ဆောင်မယ့်သဘောမျိုး သမ္မတထရမ့်ကအကြိမ်ကြိမ်အရိပ်အမွက်ပြောနေတာပါ။ နယ် စပ်တံတိုင်းကာရံရေးကို ဒီမိုကရက်လွှတ်တော်အမတ်တွေနဲ့ သမ္မတအကြားအခုချိန်ထိ လုံးဝသဘောမတူနိုင်ပဲဖြစ်နေပါ တယ်။သမ္မတထရမ့်ရဲ့မကြာခင်ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းကိုတုန့်ပြန်ပြီး မိန့်ခွန်းပြောဖို့ ဒီမိုကရက်တွေ ဘက်ကရွေးချယ်ထားတဲ့သူကတော့ ဂျော်ဂျီယာ ပြည်နယ်အုပ်ချုပ်ရေးမှူး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တုန်းက အရေးနိမ့်ခဲ့သူ အာဖရိကနွယ်ဖွား အမေရိကန်အမျိုးသမီး Stacey Abrams ဖြစ်ပါတယ်။ သူ့အရေးနိမ့်ခဲ့တဲ့ကိစ္စက လူမျိုးရေးနဲ့ပတ် သက်ပြီး အမေရိကန်တနိုင်ငံလုံး သတိထားမိ ခဲ့ကြတာပါ။။ သူ့ကိုတုန့်ပြန်မိန့်ခွန်းပြောသူအဖြစ်ရွေးချယ်လိုက်တာက မတူကွဲပြား မှုကိစ္စကို ဒီမိုကရက်ပါတီက အာရုံစိုက်ထားတယ်ဆိုတာကို အချက်ပြလိုက်တဲ့သဘောပါပဲ။

လွှတ်တော်၂ရပ်လုံးရဲ့ရှေ့မှာ မကြာခင်နာရီပိုင်းအတွင်း သမ္မတထရမ့်ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းကို ၀ါရှင် တန်စံတော်ချိန် အင်္ဂါည ၉နာရီ၊ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၈နာရီခွဲမှာ စတင်မှာပါ။ ဒီအခမ်းအနားကို ဗွီအိုအေမြန် မာပိုင်းဝဘ်ဆိုဒ်နဲ့ Facebook ကနေလည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဗီအိုအေ အစီအစဉ်အပြီး တနာရီခွဲအကြာမှာ တိုက်ရိုက်ကြည့်ရှုနားဆင်လို့ရပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG