သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အခွန်လျှော့ချရေးဂယက်၊ အစုရှယ်ယာဈေးတက်


Wall Street ငွေကြေးဈေးကွက်
Wall Street ငွေကြေးဈေးကွက်

အမေရိကန် သမ္မတ Donald Trump က စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ လူတဦးချင်းရဲ့ ဝင်ငွေခွန်တွေကို လျှော့ချပေးမယ့် အစီအစဉ်ကြောင့် Wall Street ငွေကြေးဈေးကွက်မှာ အစုရှယ်ယာဈေးတွေ မနေ့တုန်းက မြင့်တက်ခဲ့သလို၊ အာရှဈေးကွက်တွေမှာလည်း ရှယ်ယာဈေးတွေ အားကောင်းခဲ့ပါတယ်။

ကမ္ဘာပေါ်က စက်မှုထွန်းကားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ဟာ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေအပေါ် အခွန်ကောက်ခံမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး သမ္မတ Trump ကတော့ အခွန်တွေကို အကြီးအကျယ် လျှော့ချပစ်ဖို့ ပြင်ဆင်နေတာပါ။ အခွန်သတ်မှတ်ချက် ပြင်ဆင်မယ့် အစီအစဉ်ကိုတော့ ဒီကနေ့ ကြေငြာဖို့ စီစဉ်ထားပြီး၊ ပြီးခဲ့တဲ့နှစ်ထဲ သမ္မတရွေးကောက်ပွဲ မဲဆွယ်ရာမှာ ကတိပေးထားတဲ့အတိုင်း လတ်တလော သတ်မှတ်ထားတဲ့ ၃၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကွန်ဂရက်လွှတ်တော်ကို သမ္မတက တိုက်တွန်းလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်မှာ အခွန်ကောက်ခံမှုနှုန်း များလွန်းတာကြောင့် စီးပွားရေး လုပ်ငန်းသစ်တွေကို ဆွဲဆောင်ရာမှာ တခြားနိုင်ငံတွေနဲ့ မယှဉ်နိုင်ပဲ ဖြစ်နေရတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က ပြောဆိုခဲ့တာပါ။

အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲဖို့ အမေရိကန် ဥပဒေပြုအမတ်တွေ ကတိပေးထားတာ နှစ်နဲ့ချီ ရှိနေပြီဖြစ်ပေမဲ့၊ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ တချို့လူတွေကို အခွန်လျှော့ပေးပြီး၊ တခြားလူတွေကို တိုးကောက်မယ့် အစီအစဉ်တွေမှာ အခြေအတင် ဖြစ်စရာတွေ ပေါ်ပေါက်ခဲ့ရာက ကြိုးပမ်းမှုတွေ အရာမထင်ပဲ ဖြစ်နေပါတယ်။

သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော် အမတ်တွေ ကြားမှာလည်း အခွန်စနစ် ပြုပြင်ပြောင်းလဲရေး ကိုယ်ပိုင်အယူအဆတွေ ရှိနေတဲ့အတွက် သမ္မတရဲ့ အစီအစဉ်ဟာ လွှတ်တော်မှာ လနဲ့ချီ ကြားနာမှုတွေ၊ ဆွေးနွေးငြင်းခုန်မှုတွေ ကြုံရနိုင်ပါတယ်။ အစိုးရရဲ့ ဘဏ္ဍာငွေကို တိုးအောင်မလုပ်နိုင်ဘဲ၊ အခွန်တွေကို လျှော့ချကောက်ခံမယ်ဆိုရင် ဒေါ်လာ ထီလီယံ ၂၀ နီးပါးရှိတဲ့ အမေရိကန်ရဲ့ အကြွေးတွေ ပိုများလာမှာကို စိုးရိမ်တဲ့အကြောင်း လွှတ်တော်အမတ် တချို့က အခုကတည်းက ပြောဆိုနေကြတာပါ။ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကတော့ အခွန်စနစ် ပြုပြင်ပြောင်းလဲမှုကြောင့် စီးပွားရေး တိုးတက်လာပြီး၊ အခွန်တွေပိုရလာနိုင်တဲ့အတွက် အစိုးရက ဝင်ငွေပိုရလာမှာဖြစ်ကြောင်း တနင်္လာနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

သမ္မတ Trump အခွန်လျှော့ချရေးဂယက်၊ အစုရှယ်ယာဈေးတက်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG