အမေရိကန်သမ္မတ Donald Trump က သူ့အနေနဲ့ စစ်တပ်ကို အပြည့်အ၀ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း Florida ပြည်နယ်၊ Tampa မြို့၊ MacDill လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ Centcom လို့ခေါ်တဲ့ အမေရိကန်စစ်တပ် ဗဟိုကွပ်ကွဲရေးဌာနချုပ်ကို တနင်္လာနေ့က သွားရောက် လည်ပတ်စဉ် ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိုက်ပါတယ်။
“တိုင်းပြည် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ ငြိမ်းချမ်းမှု ရရှိနိုင်ရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးတွေက စွမ်းဆောင်ပေးခဲ့ကြကြောင်း၊ စစ်တပ်ရဲ့အနောက်မှာ သူ့အနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီး ထောက်ပံ့ပေးသွား မှာ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဟာ တိုင်းပြည်ကို ချစ်ကြသူတွေဖြစ်ကြောင်း၊ ကျွန်ုပ်တို့ရဲ့ ပြည်သူတွေအပေါ်မှာ သစ္စာရှိကြောင်း၊ ကျွန်ုပ်တို့အနေနဲ့ နိုင်ငံတော် အလံကိုလည်း လေးစားကြောင်း၊ ကျွန်ုပ်တို့ရဲ့ ရိုးရာ ဓလေ့ထုံးတန်းကို ချီးကျူး ဂုဏ်ပြု သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေကို လေးစား ဂုဏ်ပြုကြောင်း၊ ခင်ဗျားတို့ အားလုံးဟာ ကျွန်ုပ်တို့ရဲ့ သူရဲကောင်းတွေဖြစ်ကြောင်း” အမေရိကန်တပ်ဖွဲ့ဝင်တွေ ကို ပြောကြားခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေနဲ့အတူ နေ့လည်စာ စားပြီးတဲ့နောက် ပြောကြားတဲ့ မိန့်ခွန်းအတွင်း - နေတိုး မဟာမိတ်တပ်ဖွဲ့ကို သူ့အနေနဲ့ အလေးအနက် ထောက်ခံကြောင်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေတိုး အဖွဲ့ဝင် တိုင်းပြည်အသီးသီးက သူတို့ထဲ့ဝင်ရမယ့် ဘဏ္ဍာငွေကို အပြည့်အ၀ ထည့်သွင်းကြဖို့ လိုကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အကြောင်းလည်း သမ္မတ Trump က ထည့်သွင်း ပြောကြားသွားတာမှာ ဒီအဖွဲ့ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ပွဲကို ဆင်နွဲနေတဲ့အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။
ဒီခရီးစဉ်အတွင်း Centcom တာဝန်ရှိသူတွေက သမ္မတ Trump ကို သူတို့ လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်း တင်ပြကြမှာ ဖြစ်ပါတယ်။