သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် အာဂျင်တီနားတရားရုံးလက်ခံ


ရိုဟင်ဂျာအရေးတရားစွဲဖို့ ကြိုးပမ်းနေသူ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ ရှေ့နေ ကင်တာနား (ဓာတ်ပုံ-ဦးထွန်းခင်)
ရိုဟင်ဂျာအရေးတရားစွဲဖို့ ကြိုးပမ်းနေသူ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ ရှေ့နေ ကင်တာနား (ဓာတ်ပုံ-ဦးထွန်းခင်)

{{Zawgyi/Unicode}}

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် အာဂျင်တီနားတရားရုံးလက်ခံ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းရှင်းလင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အာဂျင်တီးနားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက လက်ခံလိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ မြန်မာတနိုင်ငံလုံးအတွက် ထူးခြားအရေးပါတယ်လို့ တရားစွဲသူတွေဘက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေက လူမျိုးတုံး ရှင်းလင်းသတ်ဖြတ်ရာရောက်တယ်လို့ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK နဲ့ ကျူးလွန်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၆ ဦးက မြန်မာအကြီးအကဲတွေအပေါ်တရားစွဲထားပါတယ်။ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အချက်တွေဟာ ပြင်းထန်ဆိုးဝါးလှတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လက်ခံလိုက်တယ်လို့ Buenos Aires မြို့တော်က ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက ပြောကြားပြီးလက်ခံလိုက်ပါတယ်။ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ကျူးလွန်ခဲ့ချိန်က တာဝန်ရှိတဲ့ မြန်မာခေါင်းဆောင်တွေအပေါ်တရားစွဲထားတဲ့ အမှုကို ခုလိုလက်ခံလိုက်တာဟာ ရိုဟင်ဂျာတွေအတွက်တင် မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးအတွက် ထူးခြားအရေးကြီးတယ်လို့ တရားစွဲတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ဗွီအိုအေ မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဒီစစ်တပ်ကနေ တနိုင်ငံလုံးမှာ ဒီလို သတ်ဖြတ်မှုတွေသူတို့လုပ်ပြီးတော့ impunity ဆိုတဲ့ ကင်းလွတ်ခွင့်တွေကိုရနေတယ်။ အဲဒီအတွက်ကြောင့် ဒါက တကယ်ကို အရေးကြီးတဲ့အနေအထားတခုပါ။ ကျနော်တို့ ရိုဟင်ဂျာအတွက်သက်သက်မဟုတ်ဘူး။ ကျနော် ဒီနေရာမှာပြောချင်တာက ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး စစ်တပ်ရဲ့နှိပ်ကွပ်မှုကိုခံနေရတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးအတွက် တရားမျှတမှုရဖို့ ဒီအာဂျင်တီးနားရဲ့တရားခွင် စုံစမ်းစစ်ဆေးမှုက အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ပြီးတော့ ဒီအမှုက ကျနော်တို့အတွက်တင် အကျိုးရှိမှာမဟုတ်ဘူး။ တနိုင်ငံလုံးအတွက်အကျိုးရှိမှာပါ။ အဲဒီအတွက်ကြောင့် ဒါက တော်တော်လေး အရေးကြီးပါတယ်။ ကျနော်တို့အတွက် မျှော်လင့်ချက်တခုတင်မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ဖိနှိပ်မှုကိုခံနေရတဲ့ လူနည်းစုတိုင်းရင်းသားတွေ၊ တခြားတိုင်းရင်းသားတွေ၊ ရိုဟင်ဂျာအပါအဝင် ကျန်တဲ့တိုင်းရင်းသားလူနည်းစုတွေ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတွေမှာ နေ့စဉ်ခံနေရတဲ့လူတွေအားလုံးအတွက် အရေးကြီးတဲ့ case တခုဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီအမှုကို ရှေ့နှစ်ဆန်းပိုင်းမှာ စတင်စစ်ဆေးနိုင်မယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းခင်က ပြောပါတယ်။ အမှုအတွက် သူတို့ ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ထားပြီး နောက်ထပ် အထောက်အထားတွေရရှိအောင်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုတွေရှိခဲ့တဲ့ ရွာတွေကလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်အကြီးအကဲတွေကို ဖော်ထုတ်ဖို့လည်း လုပ်သွားမယ်လို့ပြောပါတယ်။ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံသလို ခုလို တရားစွဲတာတွေကို အသိအမှတ်မပြုဘူးလို့ ပြောကြားထားပါတယ်။ တကယ်လို့ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှုမလုပ်ရင် တရားစွဲတာ ထိရောက်မှုရှိပါ့မလားလို့ ဦးထွန်းခင်ကို မေးတဲ့အခါ သူကခုလိုဖြေပါတယ်။

“ကျနော်တို့တွေ့ရသလောက်က ဒီလို ရာဇဝတ်မှုကျူးလွန်တဲ့ကောင်တွေက ဘယ်တော့မှ လုပ်တယ်ဆိုတာလည်းမပြောဘူး။ ပြီးတော့ ဒီဟာတွေကို ဂရုမစိုက်တဲ့ပုံစံတော့ ပြပါတယ်။ ဒါပေမယ့် တရားမျှတမှုရှာတဲ့နေရာမှာတော့ နောက်ဆုံးတော့ သူတို့ ဒီတရားခွင်ပေါ်မှာတော့ ပေါ်လာရမှာပဲ၊ ဘယ်လိုပဲငြင်းငြင်း။ အမှန်တရားတခုရဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမယ်။ တကယ်လို့ ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဒီစစ်တပ်ကလူတွေ၊ ဗိုလ်ချုပ်တွေ မလာဘူးဆိုရင် ကျနော်တို့က သူတို့ကို interpol နဲ့ ဖမ်းဝရမ်းထုတ်ဖို့ အလားအလာရှိပါတယ် နောက်ဆုံးမှာတော့။ အဲလိုအနေအထားအထိ ကျနော်တို့သွားမှာပါ။”

နိုင်ငံတကာဥပဒေအရ လူ့အခွင့် ချိုးဖောက် ကျူးလွန်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်ဆိုရင် တရားစွဲပိုင်ခွင့်ရှိတဲ့အတွက် အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့် တရားစွဲတာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံအပေါ် တခြားနိုင်ငံတခုမှာ တရားစွဲတာက သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မြန်မာ့အရေး လေ့လာနေတဲ့ ဒေါက်တာခင်ဇော်ဝင်းက ခုလို သုံးသပ်ပါတယ်။

“ဒါတွေက အကျယ်ကျယ်သွားနိုင်တာကို ထည့်တွက်ဖို့ လိုနေပြီ။ ဒီကိစ္စမှာ အီရော အီရောလုပ်မရဘူး။ ရာဇဝတ်မှုတွေကို ကျူးလွန်ထားတာပါ။ ကျူးလွန်ဆဲပါပဲ။ အဲဒါကြောင့် တခုခုလုပ်ကြပါလို့ ပြောတာနဲ့ တူတူပဲ။”

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ်ထားကြပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်


==========

{{Unicode}}










#Rohingya #MyanmarMilitaryGenocide #VOABurmese


==========

XS
SM
MD
LG