သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီထိုးစစ်ကြောင့် ဆီးရီးယားမြောက်ပိုင်း လူမှုဒုက္ခအန္တရာယ် ကျရောက်နိုင်


ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ တူရကီရဲ့ စစ်ရေးကျူးကျော်သိမ်းပိုက်မှုတွေ ကျယ်ပြန့်လာတာနဲ့အတူ ဒေသခံတွေဟာ ထရပ်ကားတွေ၊ လယ်ယာသုံးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဘေးလွတ်ရာ အသဲအသန်ထွက်ပြေးကြရတာကြောင့် ဒေသတွင်းဒုက္ခသည်တွေနဲ့ ပြည့်လာသလို လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်စရာလည်းတိုးလာနေပါတယ်။

တချိန်က အမေရိကန်ထောက်ပံ့မှုပေးခဲ့တဲ့ Kurds တပ်တွေကို နယ်စပ်ဒေသကနေ ရှင်းထုတ်ဖို့ တူရကီက မြေပြင်ထိုးစစ်တွေရော လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတာကြောင့် ဒေသတွင်း သိန်းနဲ့ချီတဲ့ဒေသခံတွေအတွက် အန္တရာယ်ဖြစ်လာမှာကို နိုင်ငံတကာနဲ့ ဒေသတွင်း အကူအညီပေးရေး အဖွဲ့တွေက စိုးရိမ်နေကြတာပါ။

Jordan နိုင်ငံ Amman က VOA သတင်းထောက် Dale Gavlak ပေးပို့ထားတဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဆီးရီးယား အရှေ့မြောက်ဒေသကို တူရကီက အပြင်းအထန် တိုက်ခိုက်လာတာကြောင့် အဲဒီမှာ နေထိုင်ကြတဲ့ Kurds တွေ ဆီးရီးယားခရစ်ယန်တွေနဲ့ Yazidi ဒေသခံတွေဟာ အရင်တခါတုန်းကလိုပဲ သူတို့ရဲ့ပစ္စည်းလေးတွေကို ပလပ်စတစ်အိတ်လေးတွေထဲထည့် တနိုင်တပိုင် ထမ်းပိုးပြီး ခြေကျင်ထွက်ပြေးသူက ထွက်ပြေး၊ ထရပ်ကားတွေ မော်တော်ဆိုင်ကယ်တွေထဲ ရသလောက် ထည့်ပြီးပြေးသူက ပြေးနဲ့ ဝရုန်းသုန်းကား ဖြစ်နေကြပါတယ်။

လမ်းတွေဟာလည်း ထွက်ပြေးလာတဲ့ မိသားစု ရာပေါင်းများစွာနဲ့ ပြည့်ကြပ်နေပြီး လုံခြုံမှုရှိဖို့ သူတို့ကိုယ်တိုင် ဘယ်ကိုသွားရမှန်း မသိဘူးလို့ ပြောနေကြတာပါ။

တူရကီတွေရဲ့ ထိုးစစ် စတင်လာတဲ့အတွက် ဆီးရီးယားအရှေ့မြောက်ပိုင်း ဒေသမှာ အရင်ကအိုင်အက်စ် စစ်သွေးကြွတွေရဲ့ ရက်စက်မှုတွေ ခံခဲ့ရပြီး ခဏခဏ အိုးအိမ်ရွှေ့ပြောင်း ခဲ့ကြရတဲ့ ဒေသခံ ၂ သန်းလောက်ရဲ့ လူနေမှုဘဝတွေ အတွက် အထူးစိုးရိမ်ကြောင်း IRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်ရွှေ့ပြောင်းကြရတဲ့ အီရတ်တွေကို အကူညီပေးတဲ့ Christian Aid Program ခရစ်ယံအကူညီပေးရေး အစီအစဉ်တွေ လုပ်ဆောင်နေတဲ့ Dohuk ဒေသက ကက်သလစ်ဘုန်းတော်ကြီး Emanuel Youkhana ကတော့ ဆီးရီးယာအရှေ့မြောက်ပိုင်းက ဒုက္ခသည်တွေဟာ အနားက အီရတ်နိုင်ငံထဲကို စိမ့်ဝင်လာမယ်လို့ သူမျှော်လင့်ထားကြောင်း VOA ကို ပြောပါတယ်။

“ဆီးရီးယားတနိုင်ငံလုံးမှာ ဒီအရှေ့မြောက်ဒေသဟာ နှစ်ပေါင်းများစွာ အတည်ငြိမ်ဆုံးနဲ့ အငြိမ်းချမ်းးဆုံးဒေသပါ။ စိတ်မကောင်းစရာ ပြောရရင် ကံအကြောင်း မလှတော့လည်း အဆိုးဆုံးကို မျှော်လင့်နေရပါတယ်။ အီရတ်ဘက်ကတော့ အပစ်မဲ့တဲ့ အရပ်သားတွေ အတွက် ဒီနယ်စပ်တွေကို ဖွင့်ပေးထားမှာ သေချာပါတယ်။ ကျနော်တို့ကတော့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာမယ်လို့ မျှော်လင့်ထားတာပါ။”

Father Youkhana နဲ့ တခြားလူသားချင်းစာနာမှု အကူညီပေးသူတွေကတော့ တူရကီသမ္မတ Recep Tayyip Erdogan ပြောတဲ့ တူရကီ နယ်စပ်တလျှောက်က ဘေးကင်းဇုံ ဆိုတာအတွက် သံသယဝင်နေသလို ဝေလည်းဝေဖန်နေကြပါတယ်။ သူက အဲဒီနယ်စပ်တလျှောက်က Kurds တွေ ခရစ်ယန်တွေနဲ့ Yazidis တွေကို မောင်းထုတ်ပြီး ဆီးရီးယား တခြားနေရာတွေက ဆူနီမူစလင် ၂ သန်းလောက်ကို သွင်းဖို့ စီစဉ် နေတယ် လို့လည်း ပြောပါတယ်။

“Erdogan ဟာ ဒီတချီမှာတော့ အကြမ်းဖက်သမားတွေကလွဲရင် တခြားလူတွေ အားလုံးကို ဦးတည်လုပ်ဆောင်ပုံ ရပါတယ်။ တကယ်တော့လည်း ဒါဟာ လူမျိုးဘာသာ လူဦးရေ အနေထားပြောင်းလဲဖို့ လုပ်တဲ့မူဝါဒ တခုပါ။”

တချိန်ထဲမှာပဲ အီရတ်နိုင်ငံ Irbil ဒေသက Kurd ဒေသဆိုင်ရာအစိုးရကတော့ အခုလို တူရကီရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးလာသူတွေ အားလုံးကို လက်ခံနေရာချထားပေးဖို့ လုပ်နိုင်စွမ်း သူတို့မှာ မရှိဘူးလို့ ပြောပါတယ်။

ဒီသီတင်းပတ်ထဲ အထိ အမေရိကန်က အထောက်ပံ့ပေးထားတဲ့ Kurds ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦး SDF တပ်ဖွဲ့တွေကတော့ ဆီးရီးယား အရှေ့မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ လူသားစာနာမှုကပ် ဆိုက်နိုင်ချေ ရှိနေတဲ့အတွက် အကူညီတွေ ပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားခဲ့ပါတယ်။

....................

{Unicode}

တူရကီထိုးစဈကွောင့ျ ဆီးရီးယားမွောကျပိုငျး လူမှုဒုက်ခအန်တရာယျ ကရြောကျနိုငျ













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG