သုံးရလွယ်ကူစေသည့် Link များ

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်ကြောင့် နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမှာ မဟုတ်ဘူးလို့ ရုရှားနဲ့ တူရကီသမ္မတတွေက ပြောကြားလိုက်ကြပါတယ်။

အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အထူးသဖြင့် ဆီးရီးယား နိုင်ငံအရေးကိစ္စ အပါအ၀င် ကျနော်တို့ကြား တိုးမြှင့်ပြုလုပ်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အဟန့်အတားဖြစ်စေမှာ မဟုတ်တဲ့အကြောင်း ကျနော်တို့နဲ့ Mr. Putin တို့ကြား နားလည်မှုရရှိ ကြပါတယ်လို့ တနင်္လာနေ့ နှောင်းပိုင်းမှာ သမ္မတ ၂ ဦးကြား တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြပြီးနောက် တူရကီ သမ္မတ Recep Tayyip Erdogan က အစ္စတန်ဘူလ်မြို့မှာ ပြောကြားလိုက်ကြောင်း ပြင်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။

မော်စကိုမြို့မှာလည်း ရုရှားနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ဟာ သေဆုံးသွားသူ သံအမတ်ကြီး Andrei Karlov ရဲ့ ရုပ်ပုံလွှာရှေ့မှာ ပန်းခွေချခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံအရေးမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုအပေါ် မကျေနပ်မှုကို ကန့်ကွက်ကြောင်း ပြသတဲ့ လုပ်ရပ်အဖြစ်နဲ့ သံအမတ်ကြီးကို တူရကီနိုင်ငံ Ankara မြို့မှာ တနင်္လာနေ့ညပိုင်းက တာဝန်ချိန်ပြင်ပရောက် ရဲတပ်ဖွဲ့ဝင်တဦးက ပစ်သတ်လိုက်တာပါ။ သေဆုံးသူ Karlov ရဲ့ ရုပ်အလောင်းဟာ သူ့ရဲ့ ကျန်ရစ်သူ ဇနီးသည်နဲ့အတူ မော်စကိုမြို့ကို အင်္ဂါနေ့ နှောင်းပိုင်းမှာ ရောက်ရှိလာပါတယ်။

အခုလို သံအမတ်ကြီး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် တူရကီနိုင်ငံသားတွေဟာ ရုရှားနိုင်ငံသားတွေနဲ့ ထပ်တူ ၀မ်းနည်းကျေကွဲမှု ဖြစ်ရ ပါကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားအရေးကိစ္စ ဆွေးနွေးဖို့အတွက် အီရန် နိုင်ငံခြားရေး ၀န်ကြီးနဲ့အတူ မော်စကို မြို့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG