သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ဆော်ဒီ သတင်းထောက်ရှာဖွေရေး တူရကီ ကြိုးပမ်း


Istanbul မြို့မှာရှိတဲ့ ဆော်ဒီအာရေးဗီးယား ကောင်စစ်ဝန်ရုံးကို ဝင်ရောက် ရှာဖွေခွင့်ပြုဖို့ တူရကီအာဏာပိုင်တွေက တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးအတွင်းမှာ ပျောက်သွားတယ်ဆိုတဲ့ ဆော်ဒီသတင်းထောက်တဦးနဲ့ ပတ်သက်လို့ တူရကီအာဏာပိုင်တွေက အထောက်အထားရှာဖွေဖို့ အဲဒီလို တောင်းဆိုတာ ဖြစ်ပါတယ်။ အဲဒီ သတင်းထောက်ဟာ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံလိုက်ရတယ်လို့ တူရကီအာဏာပိုင်တွေက ယူဆထားတာပါ။

ပျောက်ဆုံးသွားတဲ့ အသက် ၅၉ နှစ်အရွယ် သတင်းထောက် Jamal Khashoggi နဲ့ပတ်သက်လို့ သူတို့ဘက်က ဖုံးကွယ်ထားစရာ မရှိတဲ့အတွက် တူရကီအာဏာပိုင်တွေ ကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ရှာဖွေခွင့်ပြုမယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Riyadh မြို့မှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် တနင်္လာနေ့က ကောင်စစ်ဝန်ရုံးထဲ ဝင်ခွင့်ပြုဖို့ တူရကီအာဏာပိုင်တွေရဲ့ တောင်းဆိုမှုအပြီးမှာ တကယ်ဝင်ခွင့်ပြုခဲ့တယ်၊ မပြုခဲ့ဘူးဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ Khashoggi အသတ်ခံခဲ့ရတယ်ဆိုတဲ့ တူရကီ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အခြေအမြစ် မရှိကြောင်း ဆော်ဒီ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အင်္ဂါနေ့က မကြာခင် ကျင်းပဖို့ရှိတဲ့ သူ့ရဲ့ မင်္ဂလာဆောင်အတွက် အထောက်အထား စာရွက်တွေယူဖို့ Khashoggi ကောင်စစ်ဝန်ရုံးထဲ ဝင်သွားပြီးတဲ့နောက် ပြန်ထွက်လာတယ်ဆိုတဲ့ အထောက်အထားကို ဆော်ဒီ အရာရှိတွေဘက်က ပြသဖို့ လိုအပ်ကြောင်း တူရကီသမ္မတ Recep TAyyip Erdogan က ပြောပါတယ်။ သူ့ကို အပြင်မှာ စောင့်နေတဲ့ သူ့ရဲ့ ဇနီးလောင်း Hatice Cengiz ကတော့ Khashoggi ကောင်စစ်ဝန်ရုံးထဲက ပြန်ထွက်မလာဘူးလို့ ပြောပါတယ်။

XS
SM
MD
LG