သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ဆွေးနွေးဖို့ တူရကီစစ်ဘက်တာဝန်ရှိသူတွေ ရုရှားသွားမည်


ဆီးရီးယားပဋိပက္ခနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေ ဖြေရှင်းနည်းတွေကို ဆွေးနွေးဖို့ တူရကီ နိုင်ငံခြားရေးနဲ့ စစ်ဘက် တာဝန်ရှိသူတွေ ရုရှားနိုင်ငံကို ဒီကနေ့သွားမယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောပါတယ်။

တူရကီနဲ့ အပြည့်အ၀ ဆက်ဆံရေးပြန်ထူထောင်ဖို့ လုပ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်အပြီး နောက် တရက်မှာပဲ ဒီကြေညာချက် ထွက်လာတာပါ။ ဒါပေမဲ့လည်း ကုန်သွယ်ဆက်ဆံရေး ပြန်ထူထောင်ဖို့ကတော့ အချိန်ကြာလိမ့်မယ် လို့ မစ္စတာပူတင်ကပြောပါတယ်။

ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြန် အသက်ဝင်လာအောင် လုပ်ဖို့ကတော့ အထူးဂရုစိုက်ပြီး အသေအချာ လုပ်ကြရဦးမှာပါ၊ ဒီလုပ်ငန်းစဉ်က စထားပြီးဖြစ်ပေမဲ့ အချိန်ကြာပါလိမ့်ဦးမယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ စိန့် ပတီစဘာ့ဂ်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သမ္မတပူတင်ကပြောပါတယ်။

နှစ်နိုင်ငံကြား နှစ်စဉ် ကုန်သွယ်ရေးပမာဏ ဒေါ်လာ ဘီလီယံ ၁၀၀ ထိရောက်ဖို့ ရည်မှန်းချက်ကို ပြည့်မီအောင် ပြန်လုပ်သွားမှာ ဖြစ်ပြီး စင်းလုံးငှားလေယာဉ် ပျံသန်းတာတွေ ပြန်စတင်နိုင်ရေး အရှိန်မြှင့်လုပ်သွားမယ်လို့ မစ္စတာ Erdogan ကပြောပါတယ်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတခုကို ရုရှားနဲ့တည်ဆောက်ရေး၊ တူရကီနိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည် ဆောက်ရေး စေ့စပ်ညှိနှိုင်းဖို့ သူ့အနေနဲ့ အဆင်သင့်ရှိနေတယ်လို့လည်း တူရကီသမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG