သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားသမီးကန့်သတ်မှု ဒေသန္တရအမိန့် မြန်မာအစိုးရ ပြန်သုံးသပ်မည်


ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ရှိတဲ့ မူဆလင်တွေကို ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုတဲ့ ကန့်သတ်ချက်ထားတဲ့ ကိစ္စကို ပြန်ပြီးသုံးသပ်မယ်လို့ အစိုးရက ပြောလိုက်ပါတယ်။ လူဦးရေ ထိန်းချုပ်နိုင်ဖို့ ကလေးယူတဲ့ အရေအတွက်ကို ဒေသခံအစိုးရက ထိန်းချုပ်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အပြင် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ပြီးနောက်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဘန်ကောက် VOA ရုံးက Daniel Schearf ရဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ရိုဟင်ဂျာတွေကို ကလေး ၂ ယောက်ပဲ ယူရမယ်လို့ သတ်မှတ်တဲ့ ကိစ္စကို နိုင်ငံခြား သတင်းမီဒီယာတွေမှာ ဖော်ပြတော့မှ သိရတယ်လို့ အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ်က ဗွီအိုအေကို အခုလို ပြောပါတယ်၊

“သတ်မှတ်ချက် အမိန့်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ နိုင်ငံတကာ မီဒီယာတွေပေါ်မှာ ပါမှပဲ သိပါတယ်။ ဒီကိစ္စကို ပြည်နယ်အစိုးရနဲ့ ကျနော်တို့ ပြန်ပြီးတော့ မေးကြည့်ပါဦးမယ်။”

မောင်တောခရိုင်က မူဆလင်တွေကို မိန်းမတစ်ယောက်ပဲ ယူရမယ်။ ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စတွေက မြန်မာသတင်း မီဒီယာတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စတင် ဖော်ပြကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ မူဆလင်တွေ အများစုရှိတဲ့ မောင်တောခရိုင်ထဲက မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ ၂ မြို့မှာ ရခိုင်ဒေသခံ အစိုးရက အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ မူဆလင်တွေ ကလေးမွေးဖွားတဲ့ အရေအတွက် သတ်မှတ်ချက်က အရင် စစ်အစိုးရ လက်ထက်မှာကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ စခဲ့တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုတွေ လျော့နည်းသွားစေဖို့အတွက် သမ္မတ တာဝန်ပေးထားတဲ့ ရခိုင်စုံစမ်းရေး ကော်မရှင်ကနေ မျိုးဆက်ပွား စီမံကိန်း လုပ်ဖို့ အကြံပေးခဲ့တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

ဒါပေမဲ့ နယ်စပ်ဒေသလုံခြုံရေး နစကတွေက ဒီသတ်မှတ်ချက်ကို ၂၀၀၅ ခုနှစ် လောက်ထဲက စပြီး တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန် (Phil Robertson) က ပြောပါတယ်။

“အငြင်းပွားစရာ ဖြစ်နေတဲ့ ကိစ္စတွေကို ထိန်းဖို့ သူတို့ ကြိုးစားနေတာလို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေကို လုပ်နေတယ်။ ဗဟိုအစိုးရကလည်း လက်ခံတယ်လို့ သူတို့က ပြောနေတာပါ။ အခုတော့ ဒီကိစ္စက ဗဟိုအစိုးရရဲ့ မူဝါဒ ဟုတ် မဟုတ် ဆိုတာ ဗဟိုအစိုးရဘက်က တုံ့ပြန်စရာ ဖြစ်လာပါပြီ။”

ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပဋိပက္ခ အကြောင်းအရင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်က စုံစမ်းပြီး မကြာခင်တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မူဆလင်လူဦးရေ မြန်မြန်ဆန်ဆန် တိုးပွားနေတာကြောင့် ဒေသခံ ရခိုင်တွေက မူဆလင်တွေ လွှမ်းမိုးသွားမှာကို စိုးရိမ်နေကြတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒါကြောင့် မူဆလင်တွေရဲ့ မျိုးဆက်ပွားမှုကို ထိန်းချုပ်သင့်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။

ကိုယ့်ဆန္ဒမပါပဲ ကန့်သတ်တဲ့ ကိစ္စကြောင့် ပိုပြီး တင်းမာမှုတွေ ဖြစ်နိုင်တာကိုလည်း ရခိုင်စုံစမ်းရေး ကော်မရှင်က ထောက်ပြပါတယ်။ ဒေသန္တရ အစိုးရက ကန့်သတ်တာကို သမ္မတ ဦးသိန်းစိန် အနေနဲ့ ထောက်ခံမယ် မခံဘူး ဆိုတာ မဆုံးဖြတ်ရသေးဘဲ၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို သုံးသပ်ပြီးတဲ့အခါမှာ ကြေညာမှာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဦးရဲထွဋ် က အခုလို ပြောပါတယ်။

“ရခိုင်စုံစမ်းရေး ကော်မရှင်က အကြံပြုတဲ့ အချက်တွေ အားလုံးကို ပြန်သုံးသပ်ရဦးမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဗဟိုအစိုးရက လက်ခံတယ် မခံဘူး မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးနိုင်သေးပါဘူး။”

လက်ထပ်ထိမ်းမြားချင်တဲ့ ရိုဟင်ဂျာတွေအနေနဲ့ ကလေး ၂ ယောက်ပဲ ယူရမယ်လို့ ကတိပြုရတဲ့အကြောင်း Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ကလေး၂ ယောက်ထက် ပိုယူရင် အဲ့ဒီကလေးတွေကို ကျောင်းထားလို့ မရသလို၊ အစိုးရ ဝန်ဆောင်မှုတွေလည်း မရဘူးလို့ ဆိုပါတယ်။

ကလေး ၂ ယောက်ထက် ပိုယူသူတွေအနေနဲ့ ဒဏ်ငွေဆောင်ရမှာ ဖြစ်သလို ထောင်ဒဏ် ကျနိုင်မယ့် ကိစ္စကို လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြနေကြတာ ဖြစ်တယ်လို့ ဗွီအိုအေ သတင်းထောက် Daniel Schearf က ပြောပါတယ်။

တချို့အမျိုးသမီးတွေဆိုရင် ငွေဒဏ်၊ ထောင်ဒဏ် မကျအောင် အသက်အန္တရာယ်ရှိတဲ့ ပဋိသန္ဓေ ဖျက်ချမှုတွေတောင် လုပ်ကြတယ်လို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။ ဒီလို ကန့်သတ်ထားတာကို ပယ်ဖျက်ပေးဖို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ တောင်းဆိုမှုကို အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ် က ပယ်ချပါတယ်။

“သူတို့ပြောနေတဲ့ အကြောင်းတွေက သူတို့ တဘက်သတ်ရတဲ့ အချက်တွေပေါ်မှာပဲ အခြေခံပြီး ပြောနေတာပါ။ အခု ကျနော်တို့ဘက်ကတော့ ရခိုင်ကော်မရှင်က အကြံပြုထားတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ ကိစ္စတိုင်းကို လူ့အခွင့်အရေး ရှုဒေါင့်နဲ့ ကိုက်ညီ မညီ၊ ဒေသဆိုင်ရာ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီမှု ရှိ မရှိ၊ နောက် နိုင်ငံတကာစံတွေနဲ့ ကိုက်ညီမှု ရှိ မရှိ စဉ်းစားပြီး လုပ်သွားမှာ ဖြစ်ပါတယ်။”

မောင်တောခရိုင်က မူဆလင်တွေကို ကလေး ၂ ယောက်ပဲ ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း ဒီလို ကန့်သတ်တဲ့အပေါ်မှာ အင်မတန် စိုးရိမ်ပြီး၊ ဒီကန့်သတ်ချက်တွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပက်ထရစ် ဗန်ထရဲလ် (Patric Ventrell) ကလည်း အင်္ဂါနေ့ကပဲ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG