သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်နှစ်ပါတီပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည်


Indonesian performers dressed as mermaids wearing traditional Chinese cheongsam dress and a lion perform underwater in a special program celebrating the Lunar New Year at Jakarta's Ancol park, Indonesia.
မွန်နိုင်ငံရေးပါတီနှစ်ဖွဲ့ဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ မတူကွဲပြားတဲ့ အခြေအနေကနေ လာမယ့် (၂၀၁၅)ခုနှစ်၊ ပါတီစုံရွေးကောက်ပွဲအောင်မြင်ရေးအတွက် တစ်ပါတီအဖြစ် ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မွန်သံဃာတော်တွေကနေ ဦးဆောင်ပြီး ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီး ကြောင်းလည်း ပြောပါတယ်။ ပါတီနှစ်ခု ပူးပေါင်းမှသာလျှင် လာမယ့် (၂၀၁၅)ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်များများ ရနိုင်မယ့် အခြေအနေရှိနေသလို ပူးပေါင်းဖို့ သဘောမတူညီတဲ့သူတွေအနေနဲ့ နောက်ကျန်သွားမယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် နိုင် ကွန်းအိန်ကနေ တင်ပြပေးထားပါတယ်။

လာမယ့် (၂၀၁၅) ရွေးကောက်ပွဲမှာ အောင်မြင်နိုင်ရေးအတွက် ကွဲပြားနေတဲ့ မွန်နိုင်ငံရေး ပါတီနှစ် ခုဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ (၂၀၁၄) ခုနှစ်မှာ တစ်ပါတီ အဖြစ် အမည်သစ်နဲ့ ပေါင်းစည်းနိုင်ရေးအတွက် နှစ်ဘက်ခေါင်းဆောင်ချင်း ညှိနှိုင်းပြီးတော့ သဘောတူညီချက်(၄) ချက်ပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုလိုပေါင်းစည်းရတာဟာလည်း ကွဲပြားနေတဲ့မွန်အင်အားစုတွေ စုစည်းခိုင်မာဖို့အတွက် ဖြစ်တယ်လို့ မွန်ဒီမိုကရေစီပါတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် နိုင်စိုးမြင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မွန်အမျိုးသား အကျိုးစီးပွားအတွက်ပါပဲ။ မွန်တွေပေါင်းစည်းဖို့ အဓိကပေါ့ဗျာ။ တကယ်လို့ ကျနော်တို့ မွန်လူမျိုးတွေမှာ ပါတီနှစ်ခုကွဲပြားခဲ့သော် ရှေ့ဆက်ပြီးတော့ (၂၀၁၅) ဖြစ်စေ၊ တခြားသော ပြည် ခိုင်ဖြိုးဖြစ်စေ NLD ပါတီတို့ရဲ့ အခြေအနေနဲ့နှိုင်းယှဉ်ရင် ကျနော်တို့က အောင်မြင်နိုင်တဲ့ အခြေအနေ ဟာ အများကြီး အားနည်းနေတယ်။ ဒီအပေါ်မှာသုံးသပ်ပြီးတော့ အဲဒီလုပ်ငန်းစဉ် ကိုယ်ပိုင် အယူအဆတွေ ဒုတိယထားပြီးတော့ Unity First ကြွေးကျော်သံပေါ့လေဗျာ။ ပေါင်းစည်းရမယ်။ အမြင်မတူတာတွေကို ဆက်ပြီး ညှိနှိုင်းသွားပြီးတော့ ဒီမိုကရေစီ စံနစ်တကျနဲ့သွားနိုင်မယ်ဆိုရင် ဒီမိုကရေစီ ရေရှည်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တာပေါ့။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ မတူကွဲပြားတဲ့အခြေအနေကနေ ပါတီတည် ထောင်ခဲ့သလို နိုင်ငံရေးလမ်းစဉ်လဲကွဟချက် ရှိနေသေးတဲ့အတွက် ပါတီတခုတည်းအဖြစ် ပူးပေါင်းဖို့ မွန်သံဃာတော်တွေကနေ ဦးဆောင်ပြီး ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီးပြီလို့ နိုင်စိုးမြင့်က ဆက်ပြောပါတယ်။

“အခုတော့ သံဃာတော်တွေဦးဆောင်ပြီးတော့ ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့ထားပါတယ်။ သံဃာ (၁၅) ပါးက ညှိနှိုင်းရေးအဖွဲ့ ညီညွတ်ရေးအရ ညှိနှိုင်းရေးအဖွဲ့ကို သူတို့က မူသုံးချက်ချထား ပါတယ်။ ပေါင်းစည်းရေးမူ ပေါ့ဗျာ။ နံပါတ်တစ်က မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီက အရေအတွက်တူ တူညီတဲ့ အင်အားနဲ့ ပေါင်းစည်းမယ်။ နှစ်အချက်က အဲဒီအရေအတွက်တူတဲ့ ကိုယ်စားလှယ်တွေရပြီးရင် ကိုယ်စား လှယ်အားလုံးကပဲ နောက်ထပ် ဥက္ကဋ္ဌအသစ်၊ အတွင်းရေးမှူး အသစ်တွေ ရွေးချယ်တင်မြှောက်မယ်။ နံပါတ်သုံးကတော့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒတွေမှာ ဆက်ပြီးတော့ ညှိနှိုင်း ဆွေးနွေးသွားဖို့ပဲ။ အဲဒီမူ (၃) ချက် ချထားပါတယ်။”

အခုလို မွန်နိုင်ငံရေးပါတီ နှစ်ပါတီ ပူးပေါင်းခြင်းအားဖြင့် ပါတီအင်အားတောင့်တင်းလာပြီး (၂၀၁၅) ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်များများရရှိဖို့ အဓိကကျတယ်လို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌနိုင်ငွေသိန်းခေါ် နိုင်ဂျနူမွန်က ပြောပါတယ်။

“လာမယ့် (၂၀၁၅) ရွေးကောက်ပွဲမှာ တို့ကတော့ မွန်ကိုယ်စား ရွေးကောက်ခံပုဂ္ဂိုလ်တွေ များများရဖို့ လိုတယ်။ ဟိုဘက်မွန်လည်း မွန်ပဲ။ ဒီဘက်မွန်လည်း မွန်ပဲ။ နောက်ထပ် မွန်တခုလာရင်လည်း မွန်ပဲ၊ အဲဒါနဲ့သွားမှာပါ။ လာမယ့် (၂၀၁၅) မှာ ကျနော်တို့ အတူတကွ အထူးသဖြင့် မွန်ပြည်နယ်မှာ ကျနော်တို့ ကိုယ်စားလှယ် များများရဖို့ အရေးကြီးတယ်။ ဒီတော့မှပဲ ကျနော်တို့ကတော့ ပြည်နယ် လွှတ်တော်မှာ Majority ရမယ်။ Majority ရမယ်ဆိုလို့ရှိရင် ကျနော်တို့အတတ်နိုင်ဆုံး မွန်ဒေသမှာ သို့မဟုတ် မွန်ပြည်နယ်မှာ နေနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးကို ဆောင်ရွက်နိုင်မှာပေါ့။”

မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် အောက်တိုလ (၁၃) ရက်နေ့မှာ မွန်ပြည်နယ်၊ မုဒုံမြို့ နယ်၊ အောင်စေတီ ကျောင်းတိုက်မှာ အစည်းဝေးကျင်းပခဲ့ပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်ထဲမှာဆိုရင် နှစ်ပါတီပူးပေါင်းဖို့ သဘောတူညီတာရယ်၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ လ နောက်ဆုံးထားပြီး တပါတီအဖြစ် ပူးပေါင်းသွားဖို့ရယ်၊ တစ်လတကြိမ် ဆွေးနွေးညှိနှိုင်းသွားဖို့နဲ့ ပါတီနာမည်အသစ်ဖြစ် ပေါ်အောင် ဆက်လက် ဆွေးနွေးသွားဖို့ ပါရှိပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ထဲမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းခေါ်နိုင်ဂျနူမွန်၊ မွန်ဒီမို ကရေစီပါတီ ဒုတိယဥက္ကဋ္ဌ (၂) နိုင်တင်အောင်၊ မွန်လူမျိုးရေးရာညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် နိုင်ခေမာနန္ဒတို့ကနေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ (၂၂)ရက်နေ့က မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ တပါတီ အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ပေမယ့် ပေါင်းစည်းရေးမှာတော့ လက်မခံနိုင်သေးတဲ့ သူတွေ ရှိနေတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကတော့ လုပ်ငန်းတူတာတွေကို ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပြီး မပူးပေါင်းချင်တဲ့သူတွေ နောက်ကျန်ခဲ့မယ်လို့လည်း ပြောပါတယ်။

“လုပ်ငန်းတူ ပူးပေါင်းဆောင်ရွက်မှုဆိုတာက သဘောမကျတဲ့သူကတော့ ဒါနည်းနည်း နိမ့်တာပေါ့ဗျာ၊ ကျနော် ပြောချင်တာ။ တခြားပါတီနဲ့တောင်ကျနော်တို့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု လုပ်တာ ပဲ။ တခြား တိုင်းရင်းသားပါတီတွေ၊ ရှမ်းတို့၊ ချင်းတို့၊ ကရင်တို့နဲ့ ကျနော်တို့ အခု ဖွဲ့စည်းပြီး လုပ်နေသေးတယ်ဆိုတော့ အခု မွန် မွန်ချင်းက တူညီတဲ့လုပ်ငန်းကို မလုပ်နိုင်ဘူးဆိုတဲ့ဟာ ဒါသဘော ထား နိမ့်အားကြီးလွန်းတယ်။ မွန်ပြည်သူတွေကလည်း လက်ခံမှာမဟုတ်ဘူး။ မွန်သံဃာတွေ လည်း လက်ခံမှာမဟုတ်ဘူး။ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ မပူးပေါင်းချင်ဘူးဆိုလို့ရှိရင်ကျန်ခဲ့ပေါ့။ ဒါပဲရှိတယ်။"

မွန်နိုင်ငံရေးပါတီ နှစ်ပါတီပူးပေါင်းသွားမယ်ဆိုရင် ကွဲပြားနေတဲ့ မွန်ပြည်သူတွေကို စု စည်းနိုင်ပြီး အောင်မြင်မှု အတိုင်းအတာတခု ရှိနိုင်မယ်လို့လည်း အကျိုးဆောင်သံဃာတော်တပါးက မြွက်ကြားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ မွန်ဒီမိုကရေစီပါတီဟာ အရင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အမည်နဲ့ မဲဆန္ဒနယ် ၁၉ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ရွေးကောက်ပွဲရလဒ်ကို အရင်စစ်အစိုးရက အသိအမှတ်မပြုခဲ့သလို ပါတီခေါင်းဆောင်တွေကို ၁၉၉၁ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီးတော့ ၁၉၉၂ ခုနှစ်မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဖျက်သိမ်းခဲ့ ပါတယ်။

(၂၀၁၂) ခုနှစ်၊ ဇူလိုင်လမှာ မွန်ဒီမိုကရေစီပါတီအမည်နဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ကျခဲ့ပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီကတော့ (၂၀၁၀) ခုနှစ်မှာ ရွေးကောက်ပွဲဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၁၆) နေရာ အနိုင်ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG