သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြည်ပရောက်မြန်မာတချို့အမြင်


အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောကြားနေစဉ်
အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောကြားနေစဉ်

NLD အစိုးရသက်တမ်းနှစ်နှစ်ကျော်ကာလအတွင်း ချော့မွေ့တဲ့ သမ္မတသစ်အပြောင်းအလဲနဲ့အတူ နိုင်ငံရေးအရ ဒုတိယမျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ခဲ့သလို နိုင်ငံရဲ့ စိန်ခေါ်မှု အခက်အခဲတွေကို စုပေါင်းအင်အားနဲ့ ရင်ဆိုင်ဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ တနင်္ဂနွေနေ့က သူရဲ့ မိန့်ခွန်းမှာ အဓိကထားပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာ အရေးကြီးတဲ့ မူဝါဒပိုင်းဆိုင်ရာကို ထည့်သွင်းပြောကြားတာမျိုးမရှိခဲ့ဘူးလို့ ဝေဖန်မှုတွေရှိပေမယ့် တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေနဲ့အတူ အစိုးရရဲ့ ရည်မှန်းချက်တွေကို ချပြနိုင်တဲ့ အားတက်စရာ မိန့်ခွန်းအဖြစ် ရှုမြင်သုံးသပ်သူတွေလည်းရှိပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဧပြီလ (၁)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် ရုပ်သံ မိန့်ခွန်းမှာ အရေးကြီးဆုံးတင်ပြချင်တဲ့အချက်အဖြစ် သမ္မတသစ်တင်မြှောက်နိုင်ခဲ့တဲ့ကိစ္စနဲ့ နိုင်ငံရေးအရ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်တဲ့ ရလာဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

" ယခု ကျွန်မတို့ဒီမိုကရေစီ လှုပ်ရှားမှု အတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတတစ်ဦးကို ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရမယ့် သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များ အားလုံးရဲ့ ဂုဏ်ရောင်ပဲဖြစ်ပါတယ်။"

အရပ်သားထိပ်ပိုင်းခေါင်းဆောင်အဖြစ် သူ့နေရာကိုဆက်ခံနိုင်မယ့် လူငယ်မျိုးဆက်သစ်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ဆင့်ကမ်းနိုင်မှုမရှိဘူးလို့ ဝေဖန်မှုတွေ ထွက်နေချိန် သူ့ရဲ့မိန့်ခွန်းမှာ သမ္မတသစ် ဦးဝင်းမြင့်ကို ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ဒုတိယမျိုးဆက်လို့ ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုသွားတာပါ။ ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

"ကျနော်တို့ အရင်က လှုပ်ရှားမှုကာလ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ NLD မှာက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် လူမရှိတော့ဘူးလို့ ပြောဆိုခဲ့ကြတာ ကြာပြီပေါ့နော်။ အဲဒီနောက်မှာ အခုဆိုရင် သမ္မတ ၂ ဦးရော နောက်တခါ ခေါင်းဆောင်မှုရော အပြောင်းအလဲတွေ အမျိုးမျိုးဖြစ်လာတော့ NLD မှာ မျိုးဆက်တွေ စဉ်ဆက်မပျက်မွေးပြီးတော့ ခေါင်းဆောင်တွေကို နေရာပေးရွေးချယ်နိုင်တယ်ဆိုတာကို ပြတယ်လို့ ကျနော်မြင်တယ်ခင်ဗျ။ နောက်တခါ ဒီမိုကရေစီလှုပ်ရှားမှုထဲက လူတွေကိုလည်း အရင်ကပေါ့နော် ပြည်တွင်း ပြည်ပ စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်မပြုဘူးလို့ ဝေဖန်ခဲ့တဲ့နေရာမှာ နောက်ဆုံးမေတ္တာပို့တဲ့အခါမှာ ပြည်ပမှာနေတဲ့ ပုဂ္ဂိုလ် တွေလည်းပါလာတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ မျိုးဆက်နဲ့ ပတ်သက်လို့ ဒီမိုကရေစီလှုပ်ရှားမှုထဲက လူမသိ သူမသိတွေကိုရော သူအသိအမှတ်ပြုတဲ့မိန့်ခွန်းလို့ ကျနော်မြင်ပါတယ်။"

တခါ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေကို ဖယ်ရှားကျော်လွှားဖို့ ကြိုးပမ်းနေတဲ့ NLD အရပ်သားအစိုးရမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေရှိနေပြီး ဒီစိန်ခေါ်မှုတွေကို စုပေါင်းအင်အားနဲ့ ကျော်ဖြတ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အဲဒီလို အခက်အခဲတွေထဲက တခုဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် သူ့အစိုးရအနေနဲ့ လက်တွေ့မှာ စုပေါင်းအင်အားဖြစ်လာအောင် စည်းရုံးနိုင်မယ့်အခြေအနေရှိပါသလားဆိုတဲ့မေးခွန်းအပေါ် အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က အခုလိုမြင်ပါတယ်။

"စုပေါင်းအင်အားဆိုတာ ကျနော်မြင်တာကတော့ ဘာလဲဆိုရင် အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား အားလုံးစုပေါင်းပြီးတော့ ဒီဟာကို ဆွေးနွေးတိုင်ပင် တကယ်ပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ တရားမျှတမှု လွတ်လပ်မှု တန်းတူညီမျှမှုအခွင့်အရေး အဲဒါကိုဆွေးနွေးပြီးတော့မှ အဖြေရှာ နိုင်တယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ အေးချမ်းသာယာတဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ ကျနော်မြင်ပါတယ်။ ပြီးတော့ သူ့အနေနဲ့ သူပြောတဲ့ စကားတခွန်းကို ကျနော်အရမ်းကြိုက်တာကတော့ လွတ်လပ်ရေးဖခင်အိမ်မက်၊ လွတ်လပ်ရေးဖခင်လိုအပ်နေတဲ့ ရည်ရွယ်ရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တယ်။ ဆိုတော့ အဲဒီဖက်ဒရယ်ပြည်ထောင်စုကို သူလည်းလိုလားတဲ့ သဘောရှိတယ်။ လွတ်လပ်ရေးဖခင်အိမ်မက်ကိုလည်း အကောင်အထည်ဖော်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။ ကျနော်ကတော့ ဒီအချက်ကို သဘောကျတယ် ထောက်ခံတယ်။"

ရခိုင်ပြည်နယ်အကျပ်အတည်းမှာ စစ်တပ်ရဲ့ ကိုင်တွယ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ အနေနဲ့ အခက်အခဲတွေ့နေချိန် ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့ သူရဲ့ မိန့်ခွန်းမှာ ကမ္ဘာက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်မှာသာမက တနိုင်ငံလုံး လုံခြုံအေးချမ်းစွာ ဖွံဖြိုးတိုးတက်နိုင်ဖို့ စုပေါင်းအင်အားနဲ့ ကြိုးစားကြဖို့ ပြည်သူကို တိုက်တွန်းခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုနဲ့ အမြင်တွေကို အလေးထားဖို့ လည်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG