သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းနိုင်ငံရေးခေါင်းဆောင် ဦးထောင်ခိုထန်း ကွယ်လွန် (၆၇ နှစ်)


ဦးထောင်ကိုထန်း (ပုံ-Mr.Htaungkhothang facebook )
ဦးထောင်ကိုထန်း (ပုံ-Mr.Htaungkhothang facebook )

၁၉၉၀ ရွေးကောက်ပွဲအတွင်း စစ်ကိုင်းတိုင်း တမူးမြို့နယ် UNLD ပါတီရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးထောင်ကိုထန်း တယောက် ဒီဇင်ဘာ ၂၇ ကြာသပတေးနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ သူ့ရဲ့ နိုင်ငံရေးခရီး ဖြတ်သန်းမှုတချို့ကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးထောင်ကိုထန်းဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် UNLD ပါတီရဲ့ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်း တမူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ UNLD ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သူ ၄ ဦးရှိခဲ့တဲ့အထဲမှာ သူတဦးထဲသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဦးထောင်ခိုထန်းဟာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံးမှာ လပေါင်းများစု ဆေးကုသမှု ခံယူနေရာက နောက်ဆုံး နှလုံး၊ ကျောက်ကပ်ရောဂါနဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ညမှာ ကွယ်လွန်သွားခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။

၁၉၉၃ မှာ စစ်အစိုးရက ကျင်းပတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ညီလာခံအတွင်း ဖွဲ့စည်းပုံဥပဒေကြမ်း ရေးဆွဲရာမှာ ထောက်ပြဝေဖန်မှု တွေကြောင့် ဖမ်းဆီးထောင်ချခြင်းခံရသူ ဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးတွေရဲ့ စစ်ကြောရေးအတွေ့အကြုံနဲ့ပတ်သက်လို့ ဦးထောင်ကိုထန်းက သူမကွယ်လွန်ခင် ၂၀၁၆ ခုနှစ်တုန်းက Chin World Media ကိုအခုလို ပြောပြခဲ့ပါတယ်။

" ကျနော်ကို ခေါင်းပေါ်မှာရှိတဲ့ ရေအပြည့်ထည့်ထားတဲ့ ရေအိုးကို ခေါင်းပေါ်မှာ ရိုက်ခွဲပြီးတော့ ကျနော်လဲသွားတယ်။ အဲဒီမတိုင်ခင်မှာ ဘယ်လိုလုပ်သလဲဆိုတော့ ကျနော့်ကို လက်ပြန်ကြိုးတုပ်ပြီးတော့ ဒူးထောက်ခိုင်းတယ် ။ အဲလိုဒူးထောက်တဲ့အခါကျတော့ ဒူးရှေ့အောက်မှာ တမံသလင်းနဲ့ ဒူးကြားထဲမှာ မန်ကျီးစေ့ ၂ လုံးကို ခုထားတယ်။ ခုထားတဲ့အခါကျတော့ နာလိုက်တာ မပြောနဲ့ ၊ နာပြီးတော့ ကျနော်က မခံနိုင်တော့ဘူး ။ အဲဒီအခါကျတော့ ကျနော်လဲသွားတယ်။"

ဦးထောင်ခိုထန်းဟာ စစ်အစိုးရလက်ထက် ပြည်ပမှာဖွဲ့စည်းထားတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ အတွက်လည်း ပြည်တွင်းကနေ အလုပ်လုပ်ပေးခဲ့သူဖြစ်တယ်လို့ NCGUB ဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက အမှတ်ရစရာတချို့ကို ပြန်ပြောပြပါတယ်။

" ကျနော်တို့ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ပြည်တွင်းဆက်သွယ်ရေး လုပ်တဲ့အခါမှာ၊ ဆက်သွယ်ရတဲ့ပုဂ္ဂိုလ်တွေထဲမှာ သူက တဦးအပါအဝင်ဖြစ်ပါတယ်။ ကျနော်တို့ NLD နဲ့ရော ပြည်ပ နိုင်ငံရေး လှုပ်ရှားမှုမှာပါ ဆက်ဆံခဲ့ရတဲ့ ပုဂ္ဂိုလ်ကောင်းတယောက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ အထိန်းအသိမ်းခံရတဲ့ကာလ တကယ့်ကို နိုင်ငံရေးအခက်အခဲ အကျပ်အတည်းကာလ အခက်ခဲဆုံးကာလမှာ NLD ဘက်ကနေပြီး အားကိုးရတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ရှိပါတယ်။ ဦးထောင်ခိုထန်းတို့ UNLD ရောဟာ NLD အတွက် အင်မတန်မှ အားဖြစ်စေခဲ့ပါတယ်။"

လောလောဆယ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာနေပြီး မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဒေါက်တာရိုဒင်းငါဟာ တချိန်က ပြည်တွင်းမှာ ဦးထောင်ခိုထန်းနဲ့ ဆုံခဲ့ဖူးသူပါ။ ဦးထောင်ခိုထိန်း ကွယ်လွန်မှုဟာ ဆုံးရှုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။

"အခြေခံဥပဒေမူကြမ်း ညောင်နှစ်ပင်မှာ စစ်တပ်အစိုးရကနေ ချပြတာက၊ စစ်ရေးအမြင်ရှိသူမှ နိုင်ငံတော်သမ္မတ လုပ်ရမယ် ဆိုတာက မြန်မာနိုင်ငံရဲ့ သန်း ၅၀ မှာ တဝက်လောက်ရှိတဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ပိတ်ပင်လိုက်တာနဲ့ တူတယ်။ ဒါမတရားတဲ့ ပြဌာန်းချက်ဖြစ်တယ်။ စစ်ရေးအမြင်ရှိတယ်ဆိုတာက စစ်တပ်၊ စစ်သားပဲဖြစ်လာရမယ့် သဘောဖြစ်တယ်။ အမျိုးသမီးတွေက သမ္မတ မလုပ်ရဆိုတဲ့ ပုံစံ သက်ရောက်တယ်ဆိုပြီးတော့ အဲဒီမှာ ဒေါက်တာ မှုထန်နဲ့ ဦးထောင်ခိုထန်းက အဲဒါကို ကန့်ကွက်တဲ့စာတမ်း တင်ပါတယ်။ ရဲရဲဝံ့ဝံ့တင် ပြခဲ့တာ ကျနော်မှတ်မိပါတယ်။"

ဦးထောင်ခိုထန်းကို မိဘတွေဖြစ်တဲ့ ဦးရန်ခိုလွန်းနဲ့ ဒေါ်ပီလှေ့ခိုချင် တို့ကနေ ၁၉၅၁ ခုနှစ် စစ်ကိုင်းတိုင်း လေရှီးမြို့နယ်မှာ မွေးဖွားခဲ့ပြီး၊ နောက်ပိုင်းမှာ မိသားစုနဲ့အတူ တမူးမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့သူပါ။ သားသမီး ၉ ဦးအနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။ ၁၉၇၈ နှစ်မှာ ရန်ကုန်တက္ကသိုလ်က သင်္ချာ အဓိကဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး၊ ဦးသန့်အရေးအခင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

ကျောင်းပြီးချိန် ဇနီးသည်နဲ့အတူ တမူးမြို့ဈေးမှာ ဆေးဆိုင်ဖွင့်ပြီး ဘဝကိုဖြတ်သန်းနေရာက ၁၉၈၈ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း နိုင်ငံရေးလောကကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ UNLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထောင်ခိုထန်းဟာ ဒေါ်အောင်ဆန်းစုကြည်တို့ တချိန်က ဖွဲ့စည်းခဲ့တဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီးသည် ဒေါ်လှိုင်းမွန်နဲ့အတူ သားသမီး ၄ ဦးကျန်ရစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG