သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု အောင်ဝင်းဇော်က ကာယကံမြောက်ကူညီခဲ့ကြောင်းထင်ရှားဟု ရှေ့နေဆို


ဦးကိုနီကို လုပ်ကြံရာမှာ ကာယကံမြောက် ကူညီသူအဖြစ် သက်သေထင်ရှားလာကြောင်း တရားလို ရှေ့နေက ပြောသော အောင်ဝင်းဇော်
ဦးကိုနီကို လုပ်ကြံရာမှာ ကာယကံမြောက် ကူညီသူအဖြစ် သက်သေထင်ရှားလာကြောင်း တရားလို ရှေ့နေက ပြောသော အောင်ဝင်းဇော်

ရှေ့နေကြီး ဦးကိုနီကို ပစ်ခတ်လုပ်ကြံမှုမှာ အောင်ဝင်းဇော်ဟာ သေနတ်သမား ကြည်လင်းကို လေဆိပ် အရောက် ပို့ပြီးတော့ ကာယကံမြောက် စီစဉ်ဆောင်ရွက် တယ်ဆိုတဲ့ အချက်ဟာ ပေါ်လွင်စေခဲ့တယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြော ပါတယ်။ တရားခံဘက်က တင်ထားတဲ့ သက်သေအယောက် (၅၀) မှာ မလိုအပ် တဲ့ သက်သေတွေကို သေချာစီစစ်လိုက်မယ်ဆိုရင် လာမယ့် ဒီဇင်ဘာလ ထဲမှာ ပြီးပြတ်သွားနိုင်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီကို ရန် ကုန် မင်္ဂလာဒုံလေဆိပ်မှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းကို အောင်ဝင်းဇော်က လေဆိပ်အရောက်ပို့ပြီး တော့ ကာယကံမြောက် စီစဉ်ဆောင်ရွက်တယ်ဆိုတဲ့ အချက်ဟာ မနေ့က တရားခွင်မှာ ပေါ်လွင်စေခဲ့တယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။

“လေဆိပ်မှာရှိတဲ့ ဆိုက်ရောက်ခရီးသည်များရဲ့ immigration ကိုဖြတ်တဲ့ counter ကို လှမ်းမြင်ရတယ်။ ပစ္စည်းရွေးတဲ့နေရာကို လှမ်းမြင်ရတယ်။ ဦးကိုနီက ဒီ လေယာဉ်နဲ့ ပါမပါဆိုတဲ့အချက်ကို သူက လေးမိနစ်လောက် သေချာစွာ ကြည့်ရှု တယ်၊ message ပို့တယ်။ တယ်လီဖုန်းဆက်တယ်။ အတွင်းခန်းကိုကြည့်ရှုတဲ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ်ဆိုတဲ့ အချက်တွေအားလုံးက မြင်ကွင်း တခုမှာ ထင်ထင်ရှားရှား ပေါ်ပါတယ်။ ဒါ့အပြင် အဲဒီမြင်ကွင်းထဲမှာ ကျနော်တို့ အဓိက emphasize လုပ်တဲ့မြင်ကွင်းကတော့ အဲဒီမြင်ကွင်းထဲမှာ ဦးကိုနီကို လာကြိုတဲ့ ဦးကိုနီရဲ့သမီး ဒေါက်တာရင်နွယ်ခိုင်ရဲ့ အပိုင်းနဲ့ပတ်သက်လို့လည်း အောင်ဝင်းဇော် ရောက်ရှိနေတဲ့မြင်ကွင်းထဲမှာ တပါတည်း ပါလာပါတယ်။ ဒါကြောင့် မို့လို့ အားလုံးကို ခြုံပြောမယ်ဆိုလို့ရှိရင်တော့ မနေ့တုန်းကတော့ အဓိက အားဖြင့် အောင်ဝင်းဇော်ဟာ လူသတ်တရားခံကို လေဆိပ်အရောက် ပို့ပြီးတော့ သတ်ခိုင်းဖို့ ကာယကံမြောက် စီစဉ် ဆောင်ရွက်တယ်ဆိုတဲ့ အချက်က အမှုထဲမှာ ပိုပြီး ထင်ရှားသွားတယ်လို့ပဲ ကျနော် ပြောရမှာဖြစ်ပါတယ်။”

အခုဆိုရင် ဦကိုနီအမှုကို စစ်ဆေးနေတာ တစ်နှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။ လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရသူ အောင်ဝင်းခိုင် လွတ်မြောက်နေဆဲ ဖြစ်တာ၊ အမှုစစ်ဆေးရာမှာ ကြန့်ကြာမှုတွေ ရှိနေတာ ကိုလည်း ပြည်သူလူထုက အားမလို၊အားမရ ဖြစ်နေကြပါတယ်။ တရားခံဘက်က တင်ထားတဲ့ သက်သေ အယောက် (၅၀) မှာ မလိုအပ်တဲ့ သက်သေတွေကို သေချာစီစစ်လိုက်မယ်ဆိုရင် လာမယ့်ဒီဇင်ဘာလထဲမှာ ပြီးပြတ်သွားနိုင်တယ်လို့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

“တရားခံတွေဘက်က တင်ထားတဲ့ သက်သေ (၅၀) ထဲမှာအရေးမပါ အရာ မရောက်တဲ့ သက်သေတွေကို ငြင်းပယ်ပီးတော့ လိုရင်းကိုရောက်အောင် အမြန် စစ်ရင်တော့ ဒီဇင်ဘာလမှာ ပြီးမြောက်နိုင်တယ်ဗျ။ အဲ့လိုမှ မဟုတ်ဘဲနဲ့ တပတ် တယောက်နှုန်းနဲ့ စစ်နေရင်တော့ ၂ နှစ်လောက်ပြန်ကြာသွားအုံးမယ်။”

ပြီးခဲ့တဲ့သီတင်းပတ်သမ္မတဦးဝင်းမြင့်က တရားရေးမဏ္ဍိုင် ပြန်လည်တည့်မတ်ဖို့ အတွက် တာဝန်ယူမှု တာဝန်ခံမှုအဆင့်ဆင့် လုပ်သွားကြဖို့ တိုက်တွန်းခဲ့ပါသေး တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG