သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံမှုအပေါ် သံတမန်ဟောင်းအချို့ အမြင်


မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံမှုအပေါ် သံတမန်ဟောင်းအချို့ အမြင်
မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံမှုအပေါ် သံတမန်ဟောင်းအချို့ အမြင်

မြန်မာအစိုးရသစ်ရဲ့ သက်တမ်း ရက်ပေါင်း ၁၀၀ မပြည့်သေးခင်မှာပဲ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိကြီး တဦးဟာ မိသားစုနဲ့တကွ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ဝါရှင်တန်ဒီစီ မြန်မာသံရုံးက သံမှူးကြီး ဦးကျော်ဝင်းဟာ သူ ဘာကြောင့် အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံရတယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို ဇူလိုင်လ ၄ ရက် နေ့စွဲနဲ့ စာတစောင်ပေးပို့ ရှင်းပြထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မြန်မာသံတမန်ဟောင်းတွေနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက လက်ရှိမှာ ဒုတိယ ရာထူးအကြီးဆုံး တာဝန်ထမ်းဆောင်နေသူ Deputy Chief of Mission သံမှူးကြီး ဦးကျော်ဝင်းက သူ့ရဲ့ ကြိုးပမ်းမှု မှန်သမျှ ပယ်ချခံရပြီး အထက်ဌာနဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အပြစ်တင် ခံနေရတာချည်းပဲ ဖြစ်နေတာကြောင့် သူဟာ အခု ဝါရှင်တန်မှာ တာဝန်ထမ်းဆောင်ချိန် ပြည့်လို့ မြန်မာနိုင်ငံကို ပြန်သွားရင် သူ့အပေါ်မှာ အရေးယူမယ့် အလားအလာတွေ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို ရေးသားတဲ့ စာမှာ ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး ၂၀၀၅ ခုနှစ်က အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့် တောင်းခံခဲ့သူ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရဲ့ သံမှူးကြီး ဖြစ်ခဲ့တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သူ့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အခုလို ပြောပြပါတယ်။

“ကျနော်တို့တွေ အမေရိကန်၊ မြန်မာ ဆက်ဆံရေးအတွက် ကြိုးစားပြီး လုပ်ကြတယ်။ ကျနော်တို့ ထိုးထိုးဖောက်ဖောက်နဲ့ ထဲထဲဝင်ဝင် အားလုံးပေါ့လေ၊ Lobby ကိစ္စတွေရော အားလုံး ကျနော်တို့ လုပ်ကြတယ်။ ကျနော်တို့က အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမှ မြန်မာပြည် တိုးတက်မယ်ဆိုတဲ့ လမ်းကြောင်းမျိုးနဲ့ ကျနော်တို့ သွားခဲ့ကြတယ်။

“ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့တဲ့ အတွက်ကြောင့်မို့၊ ကျနော်တို့ တဖွဲ့လုံး အဖျက်ခံခဲ့ရတဲ့ အတွက်ကြောင့် ကျနော့်အနေနဲ့ နောက်ပိုင်း Defect လုပ်ခဲ့ရတာ။ ဦးကျော်ဝင်းတို့ အပိုင်းအနေနဲ့၊ ဦးကျော်ဝင်းဆိုရင် မြန်မာပြည် ပြန်ပြီးတော့မှ တိုးတက်ဖို့၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ဖို့ အတွက်ကိုလည်း ဗမာတွေနဲ့ ထဲထဲဝင်ဝင် နီးနီးစပ်စပ် ဆောင်ရွက်သလို အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းဖို့အတွက်ကိုလည်း၊ ဥပမာ ဂျွန်မက်ကိန်း (John McCain) တို့သွားတဲ့ ခရီးစဉ်တွေကအစ သူတို့ နိုင်ငံခြားရေး ဝန်ကြီးကိုပဲ တိုက်ရိုက် တင်ပြရတဲ့ အဆင့်မျိုး ရှိပါတယ်။”

ဦးကျော်ဝင်းရဲ့ နောက်ဆုံး ကြိုးပမ်းချက်ဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကိစ္စဟာလည်း ဦးကျော်ဝင်းအတွက် အထက်လူကြီးတွေရဲ့ ငြိုငြင်စရာ ဖြစ်ခဲ့တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ဂျွန်မက်ကိန်း ခရီးစဉ်မှာ ကျနော်သိသလောက် အစိုးရအဖွဲ့သစ် အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းနေပြီဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ပြည်တွင်းရော၊ ပြည်ပရော လုပ်ချင်ပါတယ်။ ဒီနေရာမှာ ဦးကျော်ဝင်းတို့ အပိုင်းကလည်း အမေရိကန်၊ မြန်မာ ရိုးရိုးသားသားပေါ့ဗျာ၊ ဆက်ဆံရေး ကောင်းမလား ဆိုပြီးတော့မှ မြန်မာပြည်ကို ဂျွန်မက်ကိန်း လာဖို့အတွက်က သူတို့ ကြိုးစားပမ်းစား လုပ်ကြတယ်။

“ဒါပေမဲ့ ဂျွန်မက်ကိန်းက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အတိုင်းပဲ ခင်ဗျားတို့ ဒီအတိုင်း ဆက်သွားနေရင် အရှေ့အလယ်ပိုင်းက ကိစ္စမျိုးတွေ အနှေးအမြန် ဖြစ်လာလိမ့်မယ်ဆိုတဲ့ ထောက်ပြလိုက်တဲ့ အပေါ်မှာ တော်တော်လေးကို ခါဆင်းသွားတဲ့ အနေအထားမျိုး ရှိပါတယ်။”

ဂျွန်မက်ကိန်း ထောက်ပြသွားတဲ့ အပေါ်မှာ မကျေမလည် ဖြစ်နေတဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ ဂျွန်မက်ကိန်း မြန်မာပြည်ကို လာရောက်ရင် အမေရိကန်၊ မြန်မာ ဆက်ဆံရေး တိုးတက်မယ်လို့ တင်ပြ ကြိုးပမ်းခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း အပေါ်မှာ တရားခံ ရှာပုံရတယ်လို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“ဒီအတိုင်း ဖြစ်သွားတဲ့အခါမှာ ဒါ ဘယ်သူ့လက်ချက်လဲ၊ ဦးကျော်ဝင်း အကြံပေးလို့သာ ငါတို့က သူ့ကို လက်ခံခဲ့ရတယ် ဆိုပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ သူ့ကို ပုံချတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒီကိစ္စအတွက် သူ မြန်မာပြည် ပြန်သွားခဲ့ရင် မလွဲမသွေ အမေးအမြန်း ခံရနိုင်ပါတယ်။ နောက် ကျနော်ပြောခဲ့တဲ့ ဗမာတွေနဲ့၊ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး သူ့အနေနဲ့ ပြန်ပြီးတော့မှ စစ်ဆေးခံရနိုင်တဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့် Defect လုပ်တယ်လို့ ကျနော် ထင်ပါတယ်။”

လန်ဒန်မြို့မှာ နေထိုင်တဲ့ သံတမန်ဟောင်း ဦးခင်မောင်ကြည်ကတော့ ဦးကျော်ဝင်းရဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဆီကို ပေးပို့တဲ့စာမှာ တင်ပြထားတဲ့ ဒုတိယအချက်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ မညီမမျှ ဖြစ်နေတဲ့ အနေအထားကို အခုလို သုံးသပ်ပြပါတယ်။

“ကိုကျော်ဝင်းက သံမှူးကြီး၊ ဝါရှင်တန်ကနေ ဒီဘက်ကို ခိုလှုံလာတာကို ကျနော့်အနေနဲ့ ကြိုလည်း ကြိုဆိုတယ်၊ ဝမ်းလည်းသာတယ်၊ ချီးလည်း ချီးကျူးတယ်။ သူ့စာ ကျနော်လည်း ဖတ်ရတယ်။ အဲဒီအချက်တွေထဲ အဓိကကတော့ စစ်ဗိုလ်နဲ့ အရပ်သား ခွဲတယ်၊ ဟုတ်တယ်။

“ဥပမာဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ကိုဇော်ဖြိုးဝင်း၊ သူက မင်္ဂလာဆောင်ပြီး သိပ်မကြာဘူး နိုင်ငံခြားရေးရုံးကို ရောက်တယ်။ အခု ကူမင်းမှာ ကောင်စစ်ဝန်ချုပ် ဖြစ်နေတယ်။ ကိုကျော်ဝင်းတို့က နှစ် ၃၀ လောက်ရှိပြီ နိုင်ငံခြားရေးမှာ။ ကြိုးကြိုးစားစား လုပ်နေတာ။ ပညာလည်းတတ်တယ်၊ အရည်အချင်းလည်း ရှိတယ်။ သူတို့ကို ကျော်ပြီးတော့ မနေ့တနေ့က ဝင်လာတဲ့ သူတွေကို ကျော်ကျော်ပေးလိုက်တာ။ အဲဒါတွေ မတရားမှုတွေက အများကြီးရှိတယ်။”

သံမှူးကြီး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့တဲ့ ကိစ္စအတွက် မြန်မာနိုင်ငံ နေပြည်တော်က နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့အခါ အခုလို တုံ့ပြန်ပါတယ်။

“အဲဒါ ကျနော်တို့မှာ ဘာမှ မပြောနိုင်ဘူးခင်ဗျ။ ကျနော်တို့က မသိဘူးခင်ဗျ။ ကျနော်တို့လည်း Comment လည်း ပေးလို့မရလို့ပါ။”

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက Deputy Chief of Mission သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့တာတွေ ဖြစ်ပါတယ်။

XS
SM
MD
LG