သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၄ နှစ်မြောက် ဦးဥတ္တမနေ့ ရန်ကုန်လူထု ထောင်ချီတက်ရောက်


Voters queue up to cast their votes at a polling station as the country goes to the polls in Maputo, Mozambique, Oct. 15, 2014.
Voters queue up to cast their votes at a polling station as the country goes to the polls in Maputo, Mozambique, Oct. 15, 2014.
ကိုလိုနီနယ်ချဲ့စနစ်ကို တော်လှန်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ ပြန်လွန်ခဲ့တာ ၁၉၃၉ ခု စက်တင်ဘာလမှာ ဖြစ်ပါတယ်။ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရဟန်းရှင်လူ ၄၀၀၀ နီးပါးတက်ရောက်ခဲ့ပြီးတော့ အဲ့ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က သတင်းပေးပို့ခဲ့ပါတယ်။

အရင် စစ်အစိုးရတွေ လက်ထက်မှာ ပေါ်ပေါ်ထင်ထင် ကျင်းပခွင့် မရခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်သဟာယအသင်းအမှုဆောင် ဒေါက်တာဦးကျော်ကျော်အောင် က အခမ်းအနား ကျင်းပခွင့် ရတဲ့အပေါ် အခုလို ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံ အာရှတိုက် တခုလုံးမှာရှိတဲ့ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင်အတွက် မီးရှုးတန်ဆောင်အဖြစ် လမ်းပြပေးခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အခုလို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်တာ ကျင်းပခွင့်ရတာ ဒီအခမ်းအနားကို ကျနော်တို့ ရခိုင်သူရခိုင်သားတွေ အပြင်ပေါ့လေ၊ မီဒီယာတွေ၊ နောက် အခြားသော တိုင်းရင်းသားတွေ၊ နောက် အခြားသော အဖွဲ့အစည်းတွေ လာရောက် တက်ရောက်ကြတာ၊ နောက် NLD ကနေပြီးတော့ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကြွရောက်ပြီးတော့ ကျနော်တို့ ချီးမြှင့်ပေးတာ အစရှိသဖြင့်၊ ဒီလို စုစုစည်းစည်း တွေ့ရတာ ကျနော်တို့ ဒီ ရခိုင်အသင်းအဖွဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ အထူးပဲ ဝမ်းသာ ဝမ်းမြောက်မိပါတယ်။ ပြန်ပြီးတော့ ကျင်းပခွင့်ရတယ်ဆိုတာက ကျနော်တို့ ဒီမိုကရေစီလမ်းကြောင်းကို ပီပီပြင်ပြင်သွားနေတယ်၊ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်ဆိုတဲ့ အထိမ်းအမှတ် အနေအထားတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒါဟာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။"

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦဇော်အေးမောင်ကလည်း အရင်က အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပခွင့် မရခဲ့ပေမဲ့ ခုချိန်မှာ ကျင်းပနိုင်တာဟာ ဒီမိုကရေစီ ဖော်ဆောင်ကြောင်း ထင်ရှားတယ်လို့ အခမ်းအနားမှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ဦးဥတ္တမနေ့ကို စစ်တွေမှာ အခမ်းအနားနဲ့ စတင် ကျင်းပနိုင်ခဲ့ပါတယ်။ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုအောင်မင်းဦးကလည်း အခမ်းအနားအပေါ် အခုလို ပြောပါတယ်။

"အောင်မြင်မှုရှိပါတယ်၊ အရင်က ဒီလိုမျိုး အရင် အစိုးရလက်ထက်မှာဆိုရင် ဒီလိုမျိုး တခါမှ မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် အခုလိုမျိုး လူပေါင်း ၃ ထောင်ကျော်နဲ့ စည်စည်ကားကား လုပ်နိုင်တဲ့ဟာက အများကြီး အောင်မြင်မှုရှိတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။"

ရခိုင်လူမျိုးတွေအနေနဲ့ ဆရာတော် ဦးဥတ္တမ ကို မြန်မာ့နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ထက် အာရှတိုက်သားတွေကို ကိုလိုနီဘဝက လွတ်မြောက်အောင် မျက်စိဖွင့်ပေးတဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဂုဏ်ယူချီးကျူးလေ့ ရှိပါတယ်။ ရခိုင်လူငယ် မောင်နိုင်နိုင်ထွန်းကလည်း ဒီအခမ်းအနားရဲ့ အရေးပါပုံကို အခုလို ရှင်းပြပါသေးတယ်။

"ရှိတာပေါ့။ ဘာလို့လဲဆိုရင် ဆရာတော် ဦးဥတ္တမ ဆိုတာ ကျနော်တို့ရဲ့ လမ်းပြ၊ မီးရှုးတန်ဆောင်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် ဦးဥတ္တမ ဟာ မြန်မာနိုင်ငံတင် မကဘူး၊ တကမ္ဘာလုံးပေါ့နော် ဂျပန်တို့၊ အိန္ဒိယတို့မှာ ပညာသင်ပေးခဲ့တယ်။ တခြားနိုင်ငံသားကိုတောင် သင်ပေးခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ၊ ရခိုင်မှာရှိတဲ့ ရခိုင်ပြည်သူတွေ အကုန်လုံးကို ဒီ အလင်းတန်းကို ပြခဲ့တယ်၊ ဘယ်လိုအလင်းတန်းလဲဆိုတော့ အားမာန်ပေါ့နော်။ လူငယ်တယောက်ရဲ့အားမာန် ဘာလုပ်သင့်တယ်၊ ဘာဖြစ်နေရင် ဘာလုပ်သင့်တယ်၊ လုပ်ရမယ်ဆိုတဲ့ အားမာန်ကို ဖြစ်စေခဲ့တယ်"

ဒီကနေ့ အခမ်းနားကို NLD ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် အပါအဝင် လူ ၃ ထောင်ကျော် တက်ရောက်ခဲ့ပြီး ကန်တော်မင်ပန်းခြံကို အရင်က သတ်မှတ်ခဲ့တဲ့အတိုင်း ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းသတ်မှတ်ဖို့လည်း အဆိုပြုခဲ့ကြပါတယ်။
XS
SM
MD
LG