သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီဆုံးဖြတ်အတည်ပြု


ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဂါဇာအပစ်ရပ်စဲရေး မဲခွဲဆုံးဖြတ်ကြရာမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဗီတိုလည်းမသုံး၊ မဲလည်းမပေးဘဲနေခဲ့စဥ်။ (မတ်လ ၂၅၊ ၂၀၂၄/ အေပီ)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဂါဇာအပစ်ရပ်စဲရေး မဲခွဲဆုံးဖြတ်ကြရာမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဗီတိုလည်းမသုံး၊ မဲလည်းမပေးဘဲနေခဲ့စဥ်။ (မတ်လ ၂၅၊ ၂၀၂၄/ အေပီ)

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ ပထမဆုံး မဲခွဲအတည်ပြု တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်က ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာမသုံးခဲ့သလို မဲလည်း မပေးခဲ့ပါဘူး။

မွတ်ဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လအတွင်း အပစ်ရပ်စဲဖို့ ကုလလုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ကို အစ္စရေးလ်ဝန်ကြီးချုပ်က ချက်ချင်းကန့်ကွက်ခဲ့ပြီးတဲ့နောက် အစ္စရေးလ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဝါရှင်တန် ခရီးစဉ်ကိုလည်း အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu က ဖျက်သိမ်းလိုက်ပါတယ်။ ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစာခံတွေလွှတ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မပါတဲ့ အပစ်အခတ်ရပ်စဲကိစ္စ လုံခြုံရေးကောင်စီမှာ မဲခွဲအတည်ဖြစ်လာဖို့ အမေရိကန်ကခွင့်ပြုခဲ့တာဟာ သူ့ရဲ့မူလရပ်တည်ချက်ကနေ သွေဖည်လိုက်တာဖြစ်တယ်ဆိုပြီး မစ္စတာ Netanyahu က စွပ်စွဲပြောဆိုပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှာ အမေရိကန်က မဲမပေးဘဲကြားနေခဲ့ပြီးတဲ့နောက် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအတွက် ထောက်ခံမဲ ၁၄ မဲနဲ့ တညီတညွတ်တည်း အတည်ပြုလိုက်ကြတာဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီရဲ့အတည်ပြုချက်ထဲမှာ အောက်တိုဘာ ၇ ရက်နေ့၊ အစ္စရေးလ်တောင်ပိုင်း တိုက်ခိုက်မှုအတွင်း ဟာမတ်စ်တို့ ဖမ်းဆီးသွားတဲ့ ဓားစားခံတွေပြန်လွှတ်ပေးရေးကိုလည်း တောင်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီပြဌာန်းချက် အမှတ် 2728 မှာ မဲမပေးခဲ့တဲ့အကြောင်း မတ်လ ၂၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဂါဇာဒေသ အပစ်ရပ်စဲရေးမှာ ဓားစားခံတွေလွှတ်ပေးရေးဆိုတဲ့ သတ်မှတ်ချက်ပါမှ အပစ်အခတ်ရပ်စဲရေးသဘာတူညီချက်ဖြစ်နိုင်မယ်ဆိုတဲ့ အမေရိကန်ရပ်တည်ချက်အတိုင်း အခု မဲခွဲမှုမှာ မဲမပေးနေခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အခု ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ပါ ပြဌာန်းချက်အားလုံးကို အမေရိကန်က သဘောမတူပေမဲ့ ဓါးစားခံတွေလွတ်မြောက်ရေးနဲ့ အပစ်ရပ်ရေး ဒွန်တွဲရှိရမယ်ဆိုတဲ့ အချက်ကို မူကြမ်းအဆိုပြုသူတွေဘက်က ပြင်ဆင်ခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုရပ်တည်ချက်နဲ့ ကိုက်ညီပါတယ်လို့ ဖော်ပြထားပါတယ်။

ဂါဇာအပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီဆုံးဖြတ်အတည်ပြု
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG