သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအာကာသစခန်း အအေးပေးစက်ချွတ်ယွင်းမှု အရေးပေါ်ပြင်ဆင်


ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လည်ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ အရေးပေါ် ပြင်ဆင်စရာရှိလာတဲ့အတွက် အမေရိကန် အာကာသစူးစမ်းရေးအေဂျင်စီ NASA က အာကာသယာဉ်မှူး ၂ ယောက်ဟာ စခန်းအပြင် လေဟာနယ်ထဲ ထွက်ပြင်ဆင်ခဲ့ပါတယ်။

အာကာသစခန်းထဲမှာ အရေးကြီးတဲ့ အအေးပေးစနစ် အလုပ်မလုပ်တော့တဲ့ အတွက် ချွတ်ယွင်းနေတဲ့ Ammonia pump စက်ကို အာကာသယာဉ်မှူး Rich Mastracchio နဲ့ Mike Hopkins တို့ ၂ ယောက် စနေနေ့က အာကာသလေဟာနယ်ထဲ ၅ နာရီလောက် ကြာအောင်ထွက်ပြီး ဖြုတ်ခဲ့ပါတယ်။ တနင်္လာနေ့ကျရင် Pump အသစ်ကို ထွက်ပြီးတပ်ရမှာဖြစ်သလို ဗုဒ္ဓဟူးနေ့မှာလည်း အာကာသ လေဟာနယ်ထဲကို ထွက်ပြီး အပြီးသတ်ပြင်ဖို့ အစီအစဉ်ရှိပါတယ်။

Ammonia pump စက်ပျက်နေတဲ့အတွက် အာကာသစခန်းထဲက စက်တွေ အအေးပေးဖို့ အရန်စနစ်ကို သုံးနေရပါတယ်။ လေ့လာစမ်းသပ်မှု တချို့ အပါအဝင် အရေးမကြီးတဲ့ စက်ကိရိယာတွေကိုလည်း ပိတ်ထားရပါတယ်။

အီတလီအာကာသယာဉ်မှူးတယောက် July လတုန်းက ခုလိုပဲ လေဟာနယ်ထဲ ထွက်ခဲ့စဉ်က ခုထိ မသိရတဲ့အကြောင်းကြောင့် သူ့ရဲ့ ခေါင်းဆောင်း helmet ထဲ ရေတွေဝင်လို့ ရေနစ်မလို ဖြစ်ခဲ့ပြီးကတည်းက အာကာသစခန်းထဲက အာကာသယာဉ်မှူးတွေ လေဟာနယ်ထဲ မထွက်ဖြစ်တာ စနေနေ့ကမှ ပထမဆုံး ပြန်ထွက်တာဖြစ်ပါတယ်။ တကယ်လို့ helmet ဦးထုပ်ထဲ ရေတွေဝင်လာရင် အသက်ရှုနိုင်အောင် အာကာသယာဉ်မှူး ၂ ယောက်လုံးရဲ့ အာကာသဝတ်စုံမှာ အသက်ရှူပိုက်တွေ တပ်ဆင်ထားခဲ့တယ်လို့ NASA ကပြောပါတယ်။
XS
SM
MD
LG