သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်အရေး အစိုးရ ဆောင်ရွက်ချက်တွေ တင်ပြဖို့ သူရဦးရွှေမန်း တိုက်တွန်း


လူထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်း တူးဖော်မှုတွေ အကြီးအကျယ် လုပ်ဆောင်နေတာကို သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လက်ရှိ သက်တမ်းအတွင်း ဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ နဲ့ ပတ်သက်လို့ အမြန်ဆုံး ရှင်းလင်းတင်ပြဖို့ ပြည်ထောင်စုလွှတ်တော် နာယကက သမ္မတကို တိုက်တွန်းလိုက်ပါတယ်။ မကြာသေးခင် လတွေကစလို့ ဖားကန့်ဒေသကို စက်ယန္တယားတွေ ထပ်မံပို့ဆောင်ပြီး ကုမ္ပဏီတွေက ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင် လာနေချိန်မှာပဲ အခုလို တိုက်တွန်းချက် ထွက်ပေါ် လာတာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဆုံးရှူံးရသလို လက်ရှိမှာ စွမ်းအားမြင့် စက်ယန္တရားကြီးတွေ ၊ မြေစာသယ်ကားကြီးတွေ ပိုမိုအသုံးပြုပြီး ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေတယ် လို့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ဝေဖန်နေချိန်မှာပဲ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ထံကို သဝဏ်လွှာပေးပို့လိုက်တာဖြစ်ပါတယ်။

အစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းဆောင်ရွက် ထားသလဲဆိုတာကို ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ က ပြည်ထောင်စု လွှတ်တော် အစည်း အ ဝေးမှာ လာရောက် ရှင်းလင်း တင်ပြဖို့လည်း ပြည်ထောင်စု လွှတ်တော် နာယကက တောင်းဆိုထားပါတယ်။

သူရဦးရွှေမန်း
သူရဦးရွှေမန်း

“ကချင်ပြည်နယ်ဖားကန့်ဒေသရှိမြေစာတောင်ပြိုကျမှုကြောင့် ပြည်သူအချို့၏ အသက်အိုးအိမ်များ မကြာခန ဆုံးရူံးလျှက်ရှိခြင်း၊ လက်တလောကာလတွင်လည်း စွမ်းအားကြီးမားသော စက်ယန္တယားကြီးများ ၊ မြေသယ်ယာဉ်ကြီးများအသုံးပြုပြီး တူးဖော်မှုများ အလွန်အကျွံ လုပ်ကိုင်လျှက်ရှိခြင်းတို့ကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ပူပင်မှုများ ဖြစ်ပေါ်နေသည့်အတွက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စောလျှင်စွာ ၊ ရှင်းလင်းတင်ပြပြီး ဆက်လက် စီမံဆောင်ရွက်ပေးနိုင်ပါရန် သဝဏ်လွှာပေးပို့ပါသည်။”

နိုဝင်ဘာလကုန် အထိ စာရင်းတွေအရတော့ သတ္ထုတွင်း ဝန်ကြီးဌာန မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေမှာ တူးဖော်ရေး ကုမ္ပဏီ ၆၂၇ခု ကို ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့်ပြုထားကြောင်း နဲ့ ဖားကန့် ဒေသကို ရောက်ရှိနေတဲ့ ယာဉ်နဲ့ စက်ယန္တယားတွေဟာ တရားဝင် တင်သွင်းတာ ဟုတ်၊ မဟုတ်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကွင်းဆင်း စစ်ဆေးဖို့ ဆောင်ရွက်နေ သလို ကချင်ပြည်နယ် ကန်ပိုက် တီး နယ်စပ်ကုန်သွယ်ရေးစခန်းက ယာဉ်နဲ့ ယန္တယား တင်သွင်းခွင့်ကိုလည်း ခေတ္တဆိုင်းငံ့ထားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဖားကန့် ဒေသခံတွေဘက်ကတော့ ကချင်ပြည်နယ် ကျောက်စိမ်း တူးဖော်ရေးအတွက် မြေစာသယ် တွေကို ဆက်တိုက်ပို့ဆောင်နေတာနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။ ဒေသခံတွေအနေနဲ့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကြောင့် ဒေသခံတွေ နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ လိုလား တောင်းဆိုတယ်လို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။

“ကျနော်လိုလားတာကတော့ကုမ္ပဏီကားတွေ က ပြည်သူလမ်းမှာ မဖြတ်ဖို့ပဲ။ အဲဒါ ပထမ တချက်ပေါ့နော်။ ဒုတိယတချက် သူတို့ စွန့်ပစ်မြေစာတွေကို သူတို့စနစ်တကျ စီမံပြီးတော့ ပစ်ပေးဖို့ပဲ။ တတိယ တချက်က လက်ရှိကျနော်တို့ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ကနေ လွတ်မြောက်အောင်လို့ သူတို့ ထိန်းသိမ်းမှုအပေါ်မှာ ကျနော်တို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းခိုင်းစေချင်တယ်။ အဲဒီ ၃ ချက်ပဲ။”

ပြီးခဲ့တဲ့အပတ်အတွင်းမှာ မြေစာသယ်ကားတိုက်တာကြောင့် လူ ၃ ယောက်သေဆုံးရ သလို အရင်ကလည်း မကြာခနဖြစ်ကြောင်း လည်း ဆက်ပြောပါတယ်။

“အခုဒီကချင်ပြည်နယ် ဖားကန့်ဒေသကို ကားဝင်မယ့် အခြေအနေရှိတယ်။ ခါတိုင်းထက် ကားသွားနှုန်းက ပိုများလာပြီ။ ဒီတပတ် အတော်အတွင်းဖြစ်နေတာက အလောင်းက ၃ လောင်းရှိပြီပေါ့။ အဲဒါဆိုရင် ယာဉ်တိုက်မှုက တော်တော်လေး များလာတဲ့အချိန်မှာ ကျနော်တို့က ပြည်သူတွေ လိုလားနေကြတာက ကုမ္ပဏီကားတွေ ကျနော်တို့ပြည်သူပိုင်လမ်းမှာ မလျှောက်ဖို့ ၊ ရွာလမ်းမှာမဖြတ်ဖို့ အဲလိုပြောတယ်။ ဒါပေမယ့် ရွာလမ်းမှာမဖြတ်ဖို့ကို သူတို့ကတော့ ငွေအားနဲ့တော့ လုပ်နေတယ် ထင်တယ်။”

နိုဝင်ဘာလ ၂၁ရက်နေ့ မြေစာပုံပြိုကျတာမှာတော့ လူ ၂၀၀ လောက်သေဆုံးမယ် လို့ ဒေသခံတွေကခန့်မှန်းပြီး သေဆုံးသူရုပ်အလောင်းတွေကို ရှာဖွေရာမှာတော့ ၁၁၄ လောင်းတွေ့ရှိခဲ့သလို ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းကလဲ ဖားကန့်မှာ မြေစာပုံပြိုပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။

XS
SM
MD
LG