သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက သူရဦးတင်ဦး ဈာပန ရန်ကုန်မှာကျင်းပ


ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားမြင်ကွင်း (ဇွန် ၅၊ ၂၀၂၄)
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားမြင်ကွင်း (ဇွန် ၅၊ ၂၀၂၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလဲဖြစ်တဲ့ ဦးတင်ဦးရဲ့ရုပ်အလောင်းကိုတော့ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။ ဦးတင်ဦး ဈာပနပွဲနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အလိမ္မာ တင်ပြထားပါတယ်။

NLD ပါတီပူးတွဲ တည်ထောင်သူလည်းဖြစ် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ်တဲ့ သူရ ဦးတင်ဦးဟာ မြန်မာ့နိုင်ငံရေး လောကမှာ ထင်ရှားသူတဦးဖြစ်တာကြောင့် ဈာပနအခမ်းအနားဟာလည်း စည်ကားပါတယ်။ NLD အစိုးရလက်ထက် သမ္မတ တာဝန်ယူခဲ့ပြီး အခုအခါ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဦးဝင်းမြင့်ဇနီးလည်း ဈာပနာကိုလာရောက်ပို့ဆောင်ခဲ့ပါတယ်။

ကျန်ရစ်သူသားဖြစ်သူ ဦးသန့်ဇင်ဦးကတော့ ဖခင်ဖြစ်သူဟာ မိသားစုနဲ့ တိုင်းပြည်အတွက် တာဝန်ကျေသူလို့ ပြောပါတယ်။

"သူ့အနေနဲ့သူ အသက်ရှင်စဉ် ကာလမှာ တိုင်းပြည်အတွက်ကော လူမျိုးရေးအတွက်ကော နိုင်ငံအတွက်ကော ဆောင်ရွက်ခဲ့တာဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သူ့တာဝန်အားလုံး ကျေပွန်စွာ ထမ်းဆောင်သွားတယ်လို့ ပြောချင်ပါတယ်။"

ပြီးခဲ့တဲ့ ဇွန် ၁ရက်နေ့မနက် ၈နာရီကျော် ကွယ်လွန်ပြီးနောက်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ကနေအိမ်မှာ ၅ရက်ကြာထားခဲ့ကြပါတယ်။ နေ့စဉ်ဝမ်းနည်းကြောင်းဂါရဝပြုသူတွေရှိနေသလို ဒီထဲမှာနိုင်ငံတကာ သံရုံးတွေကလာရောက်ဂါရဝပြုသူတွေရှိခဲ့ပါတယ်။ ဒီကနေ့ဈာပနကို ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ သံအမတ်ကြီးကိုယ်တိုင်တက်ရောက်ခဲ့သလို သံရုံးတော်တော်များများ လွမ်းသူ့ပန်းခြင်း‌ ပေးပို့တာ‌တွေ့ရပါတယ်။

NLD ပါတီကို စပြီး ထူထောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီးတော့ ပါဝင် ဦးဆောင်လာသူ ဖြစ်ပြီး မြန်မာ့ တပ်မတော်မှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဖူးတာကြောင့်ရော၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ အခု အသက်အရွယ် ကြီးရင့်ချိန်ထိ မနားတမ်း အားထုတ် ကြိုးပမ်းလုပ်ဆောင်နေတာကြောင့်ပါ အများရဲ့ အထူး လေးစားမှုကို ခံယူရရှိထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားမြင်ကွင်း (ဇွန် ၅၊ ၂၀၂၄)
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားမြင်ကွင်း (ဇွန် ၅၊ ၂၀၂၄)

ကွယ်လွန်သွားတဲ့ သူရဦးတင်ဦး ရုပ်အလောင်းထားရှိရာ ဗဟန်းမြို့ နယ် နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ လွမ်းသူ့ပန်းခြင်းပေးပို့ခဲ့ပြီး ပန်းခြင်းကို စစ်ကောင်စီ တာဝန်ရှိသူတွေလာပို့သွား သလို အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး‌ကြီးမင်းအောင်လှိုင်ကလည်း ပန်းခြင်းပို့ခဲ့ပါတယ်။ ဦးတင်ဦးရဲ့နာရေးအတွက် NLD ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်၊ ဒေါက်တာဇော်မြင့်မောင်၊ နန်းခင်ထွေးမြင့်တို့လည်း လွမ်းသူ့ ပန်းခြင်းတွေ ပို့ခဲ့ကြပါတယ်။ ဦးဝင်းမြင့်၊ ‌ဒေါက်တာဇော်မြင့်မောင်နဲ့ နန်းခင်ထွေးမြင့်တို့ရဲ့လွမ်းသူ့ပန်းခြင်းတွေကိုတော့ မိသားစုတွေက ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက်ပို့ ခဲ့ကြတာပါ။

ဒီကနေ့နောက်ဆုံးဈာပနကိုလိုက်ပါပို့ဆောင်ခဲ့သူတဦးဖြစ်တဲ့ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်သူ တဦးကတော့ ဦးတင်ဦးနဲ့ပတ်သတ်လို့ အခုလိုမှတ် ချက်ပေးခဲ့ပါသေးတယ်။

"အန်ကယ်ဦးတင်ဦးနဲ့တော်တော်ရင်းရင်းနှီးနှီးဆက်ဆံခဲ့ရပါတယ်။ အန်ကယ်အဓိကဂုဏ်ကတော့ရိုးသားတဲ့ဂုဏ်ဘဲ။ အင်မတန်ရိုးသားဖြောင့် မတ်တဲ့ပုဂ္ဂိုလ်ပါ။ ပလွှားခြင်းကွယ်ဝှက်ခြင်း လိမ်ညာခြင်းမရှိပါဘူး။ အဲအတွက်ကြောင့်သူ့ဂူဏ်နဲ့သူ သိက္ခာ၊ သမာဓိကိုအမြဲသတိရနေမှာပါ။ လူ ဆိုတာတော့သမိုင်းမှာဆိုးတာရှိမယ်ကောင်းတာရှိမယ်။ ဘာဘဲဖြစ်ဖြစ်သူချန်ထားခဲ့တာတွေကတော့ကောင်းတဲ့အမွေလို့ပြောရပါမယ်ခင်ဗျ"

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားမြင်ကွင်း (ဇွန် ၅၊ ၂၀၂၄)
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးရဲ့ ဈာပနအခမ်းအနားမြင်ကွင်း (ဇွန် ၅၊ ၂၀၂၄)

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်နေ့ကနေ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တပ်မတော်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူရဦးတင်ဦးဟာ တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ရာမှာ ထင်ရှားခဲ့တဲ့ တပ်မှူးတဦးအဖြစ်နဲ့လည်း လူသိများပါတယ်။ စစ်မှုထမ်းဘဝမှာ ထူးချွန်မှုတွေကြောင့် သူရဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့တွေကို ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ဗိုလ်မှုးကြီးဟောင်း ဦးကြည်မောင်၊ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည် ထောင်သူတွေထဲမှာ သူရဦးတင်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌတာဝန်ကို ၂ နှစ်တာ ရယူခဲ့ပြီးနောက် ကွယ်လွန်ချိန်ထိ ပါတီနာယကအနေနဲ့ ဆက်လက် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

သူရဦးတင်ဦး ကွယ်လွန်ချိန်မှာ ဇနီး၊ သားတဦးနဲ့ မြေး ၁ယောက်မြစ် ၁ ယောက်ကျန်ခဲ့ပါတယ်။ ကွယ်လွန်သူအတွက် ရက်လည်ဆွမ်းသွပ်ကို တော့ လာမယ့် သောကြာနေ့ ၇ရက်နေ့ မနက် ၇နာရီမှာ ဗဟန်းနေအိမ်မှာဘဲ ကျင်းပသွားမှာဖြစ်တယ်လို့ မိသားစုတွေက ပြောပါတယ်။

သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနား
please wait

No media source currently available

0:00 0:03:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG