သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူကို ဖမ်းဆီးဖို့ အစိုးရကိုယ်တိုင် ညွှန်ကြား


ဦးဝီရသူ (နိုဝင်ဘာ၊ ၁၂၊ ၂၀၁၆)
ဦးဝီရသူ (နိုဝင်ဘာ၊ ၁၂၊ ၂၀၁၆)

ဖမ်းဝရမ်းနဲ့ အလိုရှိနေတဲ့ ဆရာတော် ဦးဝီရသူကို အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အရေးယူဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ သံဃာတော်တဦးအဖြစ် အရေးယူဖို့ လုပ်ထုံးလုပ်နည်းပိုင်းအရ ကြန့်ကြာမှုတချို့ ရှိခဲ့ကြောင်းလည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အစိုးရရဲ့ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ ထားပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ မေလ ၅ ရက်နေ့တုန်းက ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်ဖို့ ရန်ကုန်တိုင်း အစိုးရကို ဗဟိုအစိုးရက ညွှန်ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။

"အုပ်ချုပ်ရေးကနေ တရားစွဲတာပေါ့။ ဟုတ်ပြီနော်။ အပေါ်ကနေ ညွှန်ကြားတယ်။ တိုင်းဒေသကြီး အစိုးရကို ညွှန်ကြားတယ်။ တိုင်းဒေသကြီး အစိုးရက စွဲတာပေါ့။ သာသနာရေးမဟုတ်ဘူး။ အုပ်ချုပ်ရေးပေါ့နော်။"

ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး က အင်္ဂါနေ့မှာပဲ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေက အခုအချိန်အထိ ဖမ်းဆီးတာမျိုးတော့ မရှိသေးပါဘူး။ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး ကတော့ သံဃာတော်တပါး ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းပိုင်းမှာ ညှိနှိုင်းစရာတွေ ရှိတယ်လို့ ဆိုပါတယ်။

"လုပ်ထုံးလုပ်နည်းမှာတော့ ကျနော်တို့ ရဲချုပ်နဲ့ သာသနာရေး ညွှန်ချုပ်နဲ့ ဟိုဘက်ဒီဘက် မရှင်းလင်းတွေ ဖြစ်နေတယ်။ သံဃာအပိုင်းဖြစ်တဲ့အတွက် သာသရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းပေါ့နော်။ ဒါတွေက ဘယ်လို ရှိတယ်။ ရဲပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းက ဘယ်လိုရှိတယ်။ ဒါလေးတွေ ပြန်ညှိဖို့ရှိတယ်ပေါ့။"

လက်ရှိ ဖမ်းဝရမ်းသက်တမ်းကတော့ ဇွန်လ ၄ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ အခုအချိန်အထိ ရဲတပ်ဖွဲ့က ဖမ်းမမိသေးဘူးလို့လည်း ဒုတိယရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။

"ဝရမ်းအတည်ပြုလို့ မရဘူးဆိုတာ ဥပဒေစကားနဲ့ ပြောတာပါခင်ဗျ။ ဝရမ်း အတည်ပြုတယ်ဆိုတာ ဖမ်းတယ်ပေါ့။ ဖမ်းတယ်ဆိုတာ လူမရှိဘူးပေါ့။ သတ်မှတ်ထားတဲ့ တရားရုံးက ချပေးလိုက်တဲ့ လူပုဂ္ဂိုလ်ရဲ့ နေတဲ့ နေရာမှာ အဲ့လူက မရှိဘူး။"

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကတော့ သီတင်းတပတ်ကြာ ဖမ်းဝရမ်းသက်တမ်း ကုန်ဆုံးတဲ့အခါ လိုအပ်ရင် တရားရုံးက တရားခံပြေးအဖြစ် ကြေညာနိုင်တယ်လို့ ပြောပါတယ်။

"အဲ့နေ့မှာမှ မလာဘူးဆိုရင် အခုထုတ်ထားတဲ့ ဖမ်းဝရမ်းက သက်တမ်းကုန်သွားမှာ အဲ့နေ့မှာ ဖမ်းလို့မမိဘူး ဒီဖဝရမ်းကို အတည်ပြုလို့ မရတော့ပါဘူးဆိုပြီးတော့မှ ရဲတပ်ဖွဲ့က သူတို့ရဲ့မှတ်ချက်တွေ သူတို့ရဲ့ ဆောင်ရွက်ချက်တွေ အသေးစိတ်တွေရေးပြီး တရားသူကြီးဆီပြန်တင်မှာ ပြန်တင်လိုက်တဲ့အခါမှာ တရားသူကြီးက လိုအပ်ခဲ့ရင် ဖမ်းဝရမ်း အသစ်တခုကို သက်တမ်းတခု သတ်မှတ်ပြီး ထပ်ပေးမယ်။ ဒီလိုလည်း ဖြစ်နိုင်တယ်။ သို့မဟုတ် ဖမ်းဝရမ်း ထပ်မထုတ်တော့ဘဲနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေး အဖြစ် ကြေငြာရင်လည်း ကြေငြာမယ်။ တရားခံပြေး အဖြစ် ကြေငြာလိုက်ပြီဆိုရင်တော့ အရမ်းနစ်နာတယ်။ မူလ အမှုကို ဖြေရှင်းလိုက်လို့ အပြစ်မရှိဘူး လွတ်သွားတယ် ဆိုဦးတော့ အဖမ်းမခံဘဲ ပြေးနေတာ ထင်ရှားတဲ့ အတွက် တရားခံပြေးအမှုက ဒါကျကိုကျမယ်။"

ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က အစောပိုင်းမှာ သြဝါဒပေးဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အစီအစဉ်ကို ဖျက်ခဲ့တာပါ။ တိုင်းသံဃနာယယအဖွဲ့ အနေနဲ့ သံဃအဖွဲ့အစည်းဆိုင်ရာ အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွှတ်တဲ့အတွက် သြဝါဒပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်းလည်း ဒီကနေ့ ပြုလုပ်တဲ့ အစိုးရရဲ့ သုံးနှစ်တာကာလ သတင်းစာရှင်းလင်းပွဲမှာပဲ သာသာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ဖြေကြားသွားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG