သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူ အရေးယူရေး ဦးဆောင်ဆော်သြတဲ့ သံဃာတော် ခြိမ်းခြောက်ခံရ


မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ရှေ့နေကြီးဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကြည်လင်းရဲ့ ဆရာတော်အဖြစ်ရော နောက် တရားရုံးထုတ်ချိန် လာရောက်ဝန်းရံသူတွေရဲ့ လက်သုံးစကား " ထမင်းဝအောင်စားထား" စတဲ့ အသုံးအနှုံးတွေကို တရားပွဲတွေမှာ သုံးနှုံးပြောဆိုခဲ့တဲ့ ဦးဝီရသူကို အစိုးရနဲ့ သာသနာရေးဝန်ကြီးဌာနတို့ဘက်က ကိုင်တွယ်ဖြေရှင်းအရေးယူပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလာမယ့်တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် ဦးဆောင် သံဃာတော်တပါးဖြစ်တဲ့ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကို အင်တာနက်ကနေတဆင့်ရော ဖုန်းကနေပါ အသက်အန္တရာယ်ရန်ရှာမယ့်သဘော ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဆရာတော်မင်းသုညက မိန့်ပါတယ်။ ဒီလိုခြိမ်းခြောက်ခံနေရပေမဲ့လို့ သတင်းစာရှင်းလင်းပွဲကို မဖြစ်မနေကျင်းပသွားဖို့ စီစဉ်ထားပါတယ်လို့မိန့်တဲ့ ဦးဆောင်သံဃာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကို ဗွီအိုအေမြန်မာပိုင်း က မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန် ။ ။ လက်နက်ကိုင်အဖွဲ့တွေဘက်က ဝင်ဖျက်ဆီးမယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ခြိမ်းခြောက်တာတွေ ပျံ့နှံ့နေတယ်ဆိုတော့ အခု ဘယ်လိုများအခြေအနေရှိပါသလဲဘုရား။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ။ ။ စာပို့ပြီးခြိမ်းခြောက်တာရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ်တိုင် ရောက်လာတာတို့ ဘာတို့တော့ မရှိသေးပါဘူး။

မဆုမွန် ။ ။ တင်ပါ့ ဆရာတော့်ဆီကို စာရောက်လာတာလား ဘုရား။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ။ ။ အင်တာနက်ကနေတဆင့် ဦးဇင်းဆီကို စာပို့တာပေါ့။ ဦးဝီရသူကို သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတော့ သူတို့ဘက်က သံဃာတော်တွေဘက်က သြဝါဒခံပြီးတော့ လက်နက်ကိုင်အဖွဲ့နဲ့ဦးဇင်းကျောင်းကို လာဖယ်ရှားမယ်ဆိုပြီးတော့ အဲ့လိုပုံစံမျိုးနဲ့ ဦးဇင်းဆီ စာပို့ထားတာပါ။

မဆုမွန် ။ ။ တင်ပါ့ အဲ့ဒီ့တော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ့်အစီအစဉ်ကရော ပုံမှန်အတိုင်းပဲဖြစ်မှာလား ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ။ ။ အဆင်သင့်ပါပဲ ဦးဇင်းတို့ ဆောင်ရွက်စရာရှိတာတော့ ခါတိုင်းကြေညာထားတဲ့အတိုင်း လုပ်မှာပါ။

မဆုမွန် ။ ။ ဖုန်းနဲ့ဆက်ပြီးတော့ ့ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်ဘုရား။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းနည်းရှင်းပြပေးပါ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ။ ။ အဲ့တာကတော့ အရင်ပြည်ထဲရေးဝန်ကြီးဌာနက ဝရမ်းထုတ်ထားတဲ့ မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့က ဦးသုစိတ္တလေ ဖုန်းဆက်လာပြီးတော့ သူပြောတာပေါ့နော်။

မဆုမွန် ။ ။ အဲ့တော့ လာမယ့်ဖေဖော်ဝါရီလ ၂၅ရက်နေ့ လုပ်မယ့်သတင်းစာရှင်းလင်းပွဲကတော့ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိတယ်ဆိုတော့ အဓိက ဒီသတင်းစာရှင်းလင်းပွဲ လုပ်ရမယ့်အကြောင်းရင်းလည်း နည်းနည်းပြောပြပေးပါဦး။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ။ ။ ဦးဇင်းတို့ အဓိက သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းကတော့ အဲ့ဒီ့ဦးဝီရသူရဲ့ သာသနာတော်နဲ့ မလျော်ညီတဲ့ ဆဲဆိုတာတွေ၊ လူသတ်သမားကြည်လင်းရဲ့ ဆရာလို့ ပေါ်တင်ပြောတာတွေ လူသတ်သမားကို ဘုရားလောင်းနဲ့ နှိုင်းပြီး ချီးကျူး ဂုဏ်ပြုတာတွေ ပြောတာတွေ လူသတ်သမားတွေ ပြောခဲ့တဲ့ ထမင်းဝအောင် စားထား ဆိုတာတွေကို ကမ်ပိန်းလိုက်လုပ်တာတွေ အဲ့တာတွေဟာ သာသနာနဲ့ မလျော်ညီတဲ့အတွက်ကြောင့် သက်ဆိုင်ရာက သူ့ကို တာဝန်ယူပြီးတော့ ဖြေရှင်းပေးဖို့ အဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ပါ။

မဆုမွန် ။ ။ တင်ပါ့ အဲ့ဒီ့တော့ နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်။ လာမယ့် ၂၅ရက်နေ့ လုပ်မယ့်သတင်းစာရှင်းလင်းပွဲကိုတော့ ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေရှိပါစေ ဆက်လုပ်မယ်ဆိုတဲ့သဘောပေါ့နော်။ ဆိုတော့ ဒီသတင်းစာရှင်းလင်းပွဲကနေတဆင့် ဘယ်လိုများ ရည်ရွယ်ချက်ထားပါသလဲ။ နိုင်ငံတော်အစိုးရသိအောင် နောက် သာသနာရေးဝန်ကြီး သိအောင်နဲ့ ပြည်သူများ သိအောင် အဲ့လိုပုံစံမျိုးနဲ့ ဆက်သွားမှာလာ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ။ ။ ဟုတ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ အောင်မြင်အောင်တော့ ဆက်ကျင်းပသွားမှာပါ။ ဒီသတင်းစာရှင်းလင်းပွဲက သံဃာတော်တွေလည်း အစုံအလင်ကြွလာကြမယ်ပေါ့နော်။ အဲ့ဒီ့အခါကျရင် သံဃာ်တော် အကုန်လုံးက စည်းဝေးတိုင်ပင်ပြီးတော့ ဦးဇင်းတို့ ဆုံးဖြတ်ချက်တခုအနေနဲ့ အဲကျတဲ့အခါမှာ ဦးဇင်းတို့ လုပ်ဆောင်သင့်တာတွေကို ပို့သင့်ပို့ထိုက်တဲ့သူတွေကို ဦးဇင်းတို့ စာပေးပို့သွားမှာဖြစ်ပါတယ်။

မဆုမွန် ။ ။ ကျေးဇူးတင်ပါတယ်။ အခုလိုဖြေပေးတာ။

" ဦးဝီရသူ အား အရေးယူရန် သံဃာတော်များမှ နိုးဆော်တိုက်တွန်းခြင်း"ဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပမယ့် ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမ မှာ ကျင်းပဖို့ သံဃာတော်တွေက စီစဉ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG