သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းခက် ကွယ်လွန် သွားပြီ


NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်
NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ကို စတင်တည်ထောင်ခဲ့သူတွေထဲက တဦးအပါအဝင်ဖြစ်တဲ့ ဦးဝင်းခက် ကွယ်လွန်သွားပါပြီ။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ပြည်ပရောက်လှုပ်ရှားသူတွေထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးဝင်းခက်နဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာဖွဲ့စည်းတဲ့ NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်ဟာ ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ(၃)ရက်နေ့ မနက် ၇ နာရီအချိန် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Westmead ဆေးရုံကြီးမှာ ကွယ်လွန် သွားကြောင်း သမီးဖြစ်သူ ဒေါ်နီလာလွင်က VOA ကိုပြောပါတယ်။

“ဖေဖေက ကျောက်ကပ်ရောဂါနဲ့ ဆုံးသွားတာပါရှင့်။ သြစတြေးလျနိုင်ငံ Westmead ဆေးရုံမှာ ဒီနေ့ ၃ရက်နေ့ မနက် ၇-နာရီမှာ ဆုံးသွား ပါတယ်ရှင့်။ မဆုံးခင်မှာ Westmead ဆေးရုံကို တင်လိုက်ရပါတယ်။ တင်လိုက်ရပြီး Westmead ဆေးရုံမှာ ၃ ရက်နေပြီးတဲ့အခါမှာ ဆုံးသွား တာပါ။ ကျောက်ကပ် ပျက်စီးသွားလို့ပါရှင့်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည် တက်ပြီဟေ့ဆိုမှတော့ မြန်မာနိုင်ငံကြီးပြောင်းလဲမယ် ဆိုတာကို သူက သတ်မှတ်ယုံကြည် သွားပါတယ်ရှင့်”

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးဟောင်းတဦးဖြစ်သူ ဒေါက်တာတင့်ဆွေကတော့ ကွယ်လွန်သူ ဦးဝင်းခက်နဲ့ ပတ်သက်တဲ့ အမှတ်ရစကား ဆိုလာပါတယ်။

“ဆရာဦးဝင်းခက်က NLD-LA ထဲမှာ နှစ်ပေါင်းတော်တော်ကြာကြာ၊ တော်တော်ကြာကြာဆိုတာ စဖွဲ့ကတည်းကပေါ့ ဥက္ကဌလုပ်လာခဲ့တဲ့ တာဝန်ရှိသူတဦး ဖြစ်ပါတယ်။ နောက်ခံက သူက စာနယ်ဇင်းလောကကလာတော့။ နောက်တခုကလဲ သူက NLD ဗဟိုဦးစီးမှာလဲ လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တော့ သူ့ကို NLD-LA ထဲမှာ အများစုက- လူငယ်ပိုင်းတွေက တော်တော်လေး အားထားကြတာကို ကျနော်တွေ့ပါတယ်။ ဦးဝင်းခက်ကြီး ကွယ်လွန်တော့ ကျနော်တို့ဒီ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုထဲက နောက်ထပ် အနစ်နာခံပြီးလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက် ဆုံးပါးသွား တော့ကာ ပြည်တွင်းမှာ ပြန်ပြီးတော့ နိုင်ငံရေးတာဝန် မထမ်းဆောင်နိုင်ပဲနဲ့ အသက်ကြွေသွားတဲ့အတွက် နိုင်ငံရေးသံဝေဂ တစုံတရာ ရတယ် လို့ပဲ ပြောပါရစေ”

NLD-LA ကို ထိုင်းမြန်မာနယ်စပ်မှာ စတင်ဖွဲ့စည်းပြီးနောက်ပိုင်း NLD-LA ဌာနခွဲတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တွေကြား ပေါ်ပေါက်လာအောင် ဦးဝင်းခက်က ကြိုးစားပြီး လိုက်လံဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဖွဲ့ခဲ့တဲ့ NLD-LA ဂျပန်ဌာနခွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ကိုသန့်တင်ဆင့်က ဦးဝင်းခက်နဲ့ပတ်သက်လို့ ပြန်ပြောင်းပြောပြတာက -

“အဓိကပိုင်းကတော့ Lobby ပိုင်းပေါ့ဗျာ၊ သူလုပ်ခဲ့တဲ့အပိုင်းတွေက ဆိုရှယ်လစ် အင်တာနေရှင်နယ်လို အဖွဲ့မျိုးကြီးနဲ့ သူချိတ်ဆက်ပြီးတော့ ကြိုးစားခဲ့တဲ့ အပိုင်းတွေရှိတယ်။ ဒီ ဆိုရှယ်လစ်အင်တာနေရှင်နယ်မှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်တင်ပြခွင့်ရခဲ့တယ်.. နိုင်ငံတကာကိုလေ။ နောက်ပြီး ဂျပန်မှာဆိုလို့ရှိရင်လဲ ဒီမိုကရက်တစ်ပါတီလို ပါတီကြီးတွေ ခေါင်းဆောင်ပိုင်းတွေနဲ့သူက - Murayama ဝန်ကြီးချုပ်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ Hatoyama ပြီးလို့ရှိရင် Kan ၊ Hata ၊ နောက် Kaifu ၊ ပြီးလို့ရှိရင် လွှတ်တော်ဥက္ကဌ Doi တို့နဲ့ အနီးကပ်ပေါ့။ အဲဒီအချိန်တုန်းက ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှာ။ သူအတတ်နိုင် ဆုံးတော့ သူရွေ့ခဲ့တယ်”

NLD-LA တောင်ကိုရီးယားဌာနခွဲက ကိုရန်နိုင်ထွန်းကလဲ ဦးဝင်းခက်နဲ့ပတ်သက်လို့ အတွေ့အကြုံကို ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန် ကိစ္စရပ်တွေပေါ့ဗျာ။ အဲဒါတွေကို အဘက အများဆုံး ကျနော်တို့ကိုသွန်သင်ဆုံးမ ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို အဘက ၄ခေါက် ၅ ခေါက်လောက် ရောက်ခဲ့ပါတယ်။ နောက်ပြီးတော့ ဒီ ကိုရီးယားနိုင်ငံ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုပေးတဲ့ ၂၀၀၅ ခုနှစ်မှာလဲ အဘက၊ ကျနော်တို့ အရင် ဆိပ်ကမ်း လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ဒေါ်စန်းစန်းနဲ့အတူ လာရောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို လာရောက်လက်ခံယူခဲ့ပါတယ်။ ဒါဟာ သမိုင်းတွင်တဲ့ပုဂ္ဂိုလ်တဦး ကျနော်တို့ နိုင်ငံရေး လောကမှာတော့ အခုဆိုလို့ရှိရင် ကွယ်လွန်သွားခဲ့ပြီပေါ့ဗျာ။ ဒီ့အတွက်ကြောင့် ကျနော်တို့က အစားထိုးမရနိုင်တဲ့ ကြယ်ပွင့်ကြီးတပွင့် ဆုံးရှုံး သွားတယ်လို့တော့ ခံစားရပါတယ်ခင်ဗျ”

ဦးဝင်းခက်ကွယ်လွန်ချိန်မှာ အသက် (၈၀) ရှိပြီး ဇနီးသည်နဲ့အတူ သမီးတဦး၊ သားနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ သတင်းစာဆရာတဦးလဲဖြစ်တဲ့ ဦးဝင်းခက်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၆ ရက် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ဝါးခယ်မမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၈ ထိ အိုးဝေဂျာနယ် အယ်ဒီတာချုပ်၊ ၁၉၆၉ ကနေ ၁၉၇၁ အထိက ရှုထောင့် ဂျာနယ်အယ်ဒီတာချုပ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၆ ကနေ ၁၉၈၈ ထိ ပန်မဂ္ဂဇင်းနဲ့ လှပရုပ်စုံ အယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟို ဦးစီးအဖွဲ့တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကရင်ပြည်နယ် မာနယ်ပလောကို ရောက်လာခဲ့ပြီး NLD လွတ်မြောက်နယ်မြေ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

XS
SM
MD
LG