သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သို့လော သို့လော ဦးဝင်းထိန်


အာဏာရပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန် (national league for democracy)
အာဏာရပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန် (national league for democracy)

အာဏာရပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန်ဟာ လက်ရှိတာဝန်က အနားယူပြီး သြစတြေးလျနိုင်ငံကို ခေတ္တခဏသွားရောက်ဆေးဝါးကုသဖို့ရှိကြောင်း NLD နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောပါတယ်။ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုး ရအဖွဲ့ဝင် ဝန်ကြီးတချို့အပြောင်းအလဲတွေနဲ့ အတူ ပါတီတွင်း အပြောင်းအလဲတွေလုပ်တဲ့အထဲ ဦးဝင်းထိန် ကိစ္စပါ ပါနေသလားလို့ သုံးသပ်ချက်တွေရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ပါတီတွင်းမှာ သြဇာညောင်းတဲ့သူအဖြစ် ထင်ရှားပြီး ပါတီရဲ့ အဓိက ဆုံးဖြတ်ချက်တွေနဲ့ ပါတီတွင်း အပြောင်းအလဲတွေမှာ သတင်းမီဒီယာတွေကို တာဝန်ခံ ဆက်ဆံပြောကြားခဲ့သူ ဦးဝင်းထိန် ဟာ လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေမှာ ရာထူးအာဏာ အပြောင်းအလဲတွေကို တာဝန်ခံဖြေကြားနိုင်ခြင်းမရှိသလို၊ အရင်ကထက်လည်း ပြောရေးဆိုခွင့် နည်းပါးသွားပါတယ်။

ဦးဝင်းထိန်အနေနဲ့ သတင်းထောက်တွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေမှုတွေရှိခဲ့သလို တပ်မတော်နဲ့ ဆက်ဆံရာမှာ အဖုအထစ်တွေရှိခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေး မူအရ ပြောဆိုလုပ်ကိုင်ရာမှာ လူအများ အတွက် အဆင်မပြေမှုတွေရှိခဲ့တယ်လို့ ဝေဖန်သံတွေထွက်ခဲ့တာပါ။ ဒါအပြင် မကြာသေးခင် သတင်းပတ်တွေက နေပြည်တော်မှာ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ ဦးဝင်းထိန်ရဲ့ သား မင်္ဂလာဆောင်နဲ့ ပတ်သက်လို့လည်း အကျယ်အကြီးဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေထဲ လက်ရှိ ရာထူးအာဏာအပြောင်းအလဲတွေလုပ်နေချိန်နဲ့လည်း ဦးဝင်းထိန်ကိစ္စက အကြောင်း တိုက်ဆိုင်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်အမတ်ဟောင်းလည်းဖြစ် လက်ရှိ အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်နေသူဖြစ်တဲ့ ဒေါက်တာတင့်ဆွေက အခုလို သူ့ရဲ့အမြင်ကို ဗွီအိုအေကိုပြောပါတယ်။

“ဒီဟာကတော့ ဖြစ်ရိုးဖြစ်စဉ် သဘောတော့ရှိတယ် သို့သော်လည်းပဲ တခြား ဥပမာပေးရင် ကြံခိုင်ရေးနဲ့ပေါ့နော် ကြံခိုင်ရေးပါတီနဲ့ မတူတာက NLD က ပါတီဝင်နံပတ်တို့ ပါတီခေါင်းဆောင်အပေါ်မှာ သစ္စာရှိမှုဆိုတာထက် လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အခါမှာ ဖြစ်လာတဲ့ အကျိုးရလဒ်တွေကို ကြည့်တဲ့ ပါတီတခုဖြစ်တော့အခါ ဦးဝင်းထိန်ပဲ ဖြစ်ဖြစ် ကျန်တဲ့ပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ် ဒီလိုပဲ အပြောင်းအလဲရှိမှုနဲ့ အစားထိုးမှုတွေရှိနေမှာ အမှန်ဖြစ်ပါတယ်။ ဦးဝင်းထိန်မို့လို့ ခြွင်းချက်ထားရမယ့် ခေါင်းဆောင်တယောက်မဟုတ်တဲ့အတွက် ဦးဝင်းထိန်ကို တာဝန်ဆက်ပေးသလား မပေးသလား ဆိုတာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားင်ပြောသလိုပေါ့နော် ကျနော်ကလည်း အဲဒီလိုပဲ အပြင်အဝေးကနေ မြင်ပါတယ်။”

ပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန် နေရာမှာ အပြောင်းအလဲဖြစ်ခဲ့ရင်တောင် ပါတီတွင်း လုပ်ငန်းတွေမှာ ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ဒေါက်တင့်ဆွေက သုံးသပ်ပါတယ်။

“ဟိုအရင်တုန်းက နိုင်ငံခြားသားတွေရော ပြည်တွင်းကလူတွေရော ဝေဖန်တာက လူမရှိဘူး ဒေါ်စုကလွဲရင် လုပ်နိုင်တဲ့လူမရှိဘူးလို့ ဝေဖန်ခဲ့တဲ့ကာလတွေ ကျနော်တို့ ကျော်လွန်လာခဲ့တယ်။ ကျော်လွန်လာတဲ့ အချိန်မှာ ပါတီစည်းကမ်းရေး ထိန်းသိမ်းရေးပဲ ဖြစ်ဖြစ် ၊ ပါတီ စည်းရုံးရေး ကိစ္စတွေမှာဖြစ်ဖြစ် တာဝန်ယူနိုင်တဲ့ ပါတီခေါင်းဆောင်တွေ ရှိတယ်ဆိုတာ ကျနော်မြင်တဲ့အတွက် ဦးဝင်းထိန်ဆက်လုပ်သည်ဖြစ်စေ ၊ မလုပ်ရသည်ဖြစ်စေ ဒီတာဝန်တွေကို ကျေကျေပွန်ပွန်နဲ့ ထူးထူးချွန်ချွန်ထမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်တွေက ပါတီထဲမှာ ရှိတယ်လို့ ကျနေ်ာအပြည့်အဝယုံကြည်ပါတယ် ခင်ဗျ။”

ကာယကံရှင်ဖြစ်တဲ့ ဦးဝင်းထိန်ကတော့ သူ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ဘူးလို့ သတင်းမီဒီယာတွေကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

NLD သတင်းရပ်ကွက်အရ ဦးဝင်းထိန်ဟာ သြစတြေးလျမှာ ရှိတဲ့ မိသားစုဝင်တချို့နဲ့ တလခန့် အတူနေထိုင် အနားယူဖို့ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူကတော့ မြန်မာနိုင်ငံမှာပဲ ရှိနေပြီး မနေ့ သောကြာနေ့က မင်္ဂလာဒုံမြို့နယ် ကျိုက်ကလော့မှာ သီလရှင်ဝတ်ခဲ့ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၁၉၈၈ခုနှစ် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်တလျောက်လုံး အကျဉ်းထောင်တွင်း နှစ်ပေါင်း ၂၀ နီးပါး ထိန်းသိမ်းခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပြန်ပြီးလွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဦးဝင်းထိန်ဟာ ပါတီ ရဲ့ ထိပ်ပိုင်းတာဝန်တွေ နဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို အနီးကပ် ကြီးကြပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ဦးဝင်းထိန်ဟာ ပါတီအတွက် သစ္စာရှိရှိ ရပ်တည်ခဲ့သူတဦးဖြစ်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

သို့လော သို့လော ဦးဝင်းထိန်
please wait

No media source currently available

0:00 0:04:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG