သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းထိန် သြစတြေးလျ သွားရောက်မှုအပေါ် NLD တုံ့ပြန်ချက်


NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်
NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်

ပါတီတာဝန်တွေကို ထမ်းဆောင်နေရင်း သြစတြေးလျနိုင်ငံမှာ ဆေးကုသဖို့ ရုတ်တရက်ထွက်ခွာသွားတဲ့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဝင်းထိန်ဟာ ရန်ကုန်က NLD ပါတီဌာချုပ်ကို အခုချိန်ထိ တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းမရှိပဲ နိုင်ငံရပ်ခြားကို ထွက်သွားတာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် ဦးဝင်းထိန်ထမ်းဆောင်နေတဲ့ တာဝန်တွေနဲ့ပတ်သက်လို့ NLD ပါတီတွင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတရပ်ခေါ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို VOA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

"မေး။ ။ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် နိုင်ငံခြားထွက်သွားတဲ့ ကိစ္စကို ပါတီမှာ အရေးပေါ် CEC အစည်းအဝေး ခေါ်မယ်ဆိုပြီးတော့ သတင်းထွက်ပါတယ်၊ အဲဒါ ဟုတ်ပါသလား။

ဦးဉာဏ်ဝင်း။ ။အခုအထိမဟုတ်ဘူး။

မေး။ ။အခုအထိမဟုတ်ဘူး ဆိုတာက နောက် ဟုတ်လာမယ့်သဘောလားဆရာ။

ဦးဉာဏ်ဝင်း။ ။မပြောနိုင်ဘူးလေ။ ဒါက နောက်ဆိုတော့ ကျနော်သိပ်မပြောနိုင်ဘူး ။ အခုအထိဆွေးနွေးတာလည်း မရှိဘူး ပြောတာလည်း မရှိဘူး CEC ထဲမှာလေ။

မေး။ ။ဒါပေမယ့်လေ ဆရာတို့ပါတီမှာ လုပ်ထုံးလုပ်နည်းကရော ဘယ်လိုရှိပါသလဲ။

ဦးဉာဏ်ဝင်း။ ။မဟုတ်ဘူးလေ ပါတီအနေနဲ့ပဲ ပြောမယ်လေ ။ သူက ပါတီက နုတ်မှ မနုတ်ထွက်ပဲ ၊ ဘာမှလည်းမလုပ်ဘူး အကြောင်းလည်းမကြားဘူး ။ သူ့ဟာသူ သြစတြေးလျကို ကျန်းမာရေးကြောင့်မို့လို့ပြောသွားတာ ကျနော်တို့ကို ပြောတာမဟုတ်ဘူး။ မီဒီယာတခုကို သူပြောတယ်လေ။ အဲဒီတော့ ကျနော်တို့ကတော့ ပါတီအနေနဲ့တော့ ဘာမှ ပြောစရာလည်း မရှိ ၊ အတည်ပြုစရာလည်းမရှိဖြစ်နေတယ်။

မေး။ ။ဒါပေမယ့် ဆရာ ပါတီရဲ့ စည်းမျဥ်းစည်းကမ်း လုပ်ထုံးအရပေါ့နော်။ ဒီထိပ်ပိုင်းခေါင်းဆောင် ဗဟိုအလုပ်မှုဆောင်တဦးက တာဝန်ထမ်းဆောင်နေတဲ့ အချိန်တွေကနေပြီးတော့ ရုတ်တရပ်အဲလိုမျိုး နိုင်ငံရပ်ခြားကိုဖြစ်ဖြစ်၊ တနေရာကို ခရီးထွက်သွားတယ်ဆိုရင် ပါတီကို အကြောင်းကြားဖို့ လိုအပ်ပါသလားဆရာ။

ဦးဉာဏ်ဝင်း။ ။ဒီဟာကတော့ အကြောင်းကြားဖို့က သူ့အပေါ်မှာပဲ တည်တယ်။ ကျနော်တို့ အဲလိုအကြောင်းကြားရမယ်လို့ တော့ ဘယ်မှာမှတော့ မပြောထားဘူး။ သို့သော် ဂုဏ်သိက္ခာအရတော့ ဒီလိုဟာမျိုးက အကြောင်းကြားသင့်တာပေါ့။ ဒါပေမယ့် ဒီကနေ့အထိ ကျနော်တို့ ဘာမှ မရဘူး။ မရတဲ့အတွက် အကြောင်းမကြားဘူးလို့ ကျနော်မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်မှ တယောက်ယောက်က လာပေးနေရင် ဂွကျနေမယ်။ အဲဒါကြောင့် ကျနော်ပြောတယ် ဘာမှ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော် ပြောစရာသိပ်မရှိဘူး။

မေး။ ။တခွန်းလေးပါ သူ့အနေနဲ့ ပါတီတာဝန်တွေကို ဦးဝင်းထိန်အနေနဲ့ တာဝန်ထမ်းဆောင်မယ်လို့ နားလည်ပါသလား။

ဦးဉာဏ်ဝင်း။ ။ထမ်းဆောင်ဖို့ မထမ်းဆောင်ဖို့ဆိုတာလည်း ကျနော်မသိဘူး။ ဘာသတင်းမှလည်း မရဘူး။ ကျနော်တို့ကိုလည်း အဆက်အသွယ် မရှိဘူး သူနဲ့ အဲဒီလိုအခြေအနေပါ။ မပြောချင်လို့မဟုတ်ဘူး မသိလို့ပါ။

မေး။ ။ ဟုတ်ကဲ့ ဆရာ ကျေးဇူးပါနော်။

ဦးဉာဏ်ဝင်း။ ။ဟုတ် ကောင်းပြီကောင်းပြီ။"

သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတဲ့ NLD ခေါင်းဆောင် ဦးဝင်းထိန်ဟာ NLD လွှတ်တော်အမတ်တွေကို သြဇာညောင်းသူဖြစ်သလို၊ သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ပြည်ထောင်စုကော်မရှင်ရဲ့အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ ပွင့်ပွင့်လင်းလင်း ပြောပုံဆိုပုံကြောင့်လည်း မီဒီယာမှာ မကြာခဏ မီးမောင်းထိုးခံရသူဖြစ်ပါတယ်။တလောတုန်းက သူ့သားဖြစ်သူ မင်္ဂလာဆောင်ကို နေပြည်တော်မှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ပြုလုပ်ခဲ့တာကြောင့်၊ သတင်းမီဒီယာတွေမှာရော လူမှုကွန်ယက်တွေမှာပါ အတော်လေး ဝေဖန်ပြောဆိုတာ ခံခဲ့ရပါတယ်။ ဒါကြောင့် အခုလို ရုတ်တရက် နိုင်ငံခြားထွက်သွားတာဟာ ဒီလို ဝေဖန်ခံရမှုတွေနဲ့ ပတ်သက်တယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။

အသံဖိုင်ကို အောက်ပါလင့်အတိုင်း နားဆင်နိုင်ပါသည်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG