သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောသားရင်သားမခွဲခြား ဆက်ဆံဖို့ သမ္မတဦးဝင်းမြင့် ညွှန်ကြား


သမ္မတ ဦးဝင်းမြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်- နေပြည်တော် ဇွန်လ၊ ၂၆၊ ၂၀၁၈ (ဓါတ်ပုံ- Myanmar President Office)
သမ္မတ ဦးဝင်းမြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်- နေပြည်တော် ဇွန်လ၊ ၂၆၊ ၂၀၁၈ (ဓါတ်ပုံ- Myanmar President Office)

တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ ကျောသားရင်သားမခွဲဘဲ ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ဥပဒေအတိုင်း ဆုံးဖြတ်ကြဖို့ ပြည်သူတွေကို ဖိနှိပ်တာမျိုးတွေမလုပ်ကြဖို့နဲ့ ဖက်ဒရယ်စနစ်ကိုဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုက်ပါဆောင်ရွက်ကြဖို့ သမ္မတဦးဝင်းမြင့် က နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အစိုးရဝန်ထမ်းတွေကို တိုက်တွန်းလိုက်သလို အဂတိလိုက်စားမှုတွေရှိလာရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ဒီကနေ့နေပြည်တော်မှာ လုပ်တဲ့ သမ္မတနဲ့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အစိုးရဝန်ထမ်းများ တွေ့ဆုံပွဲမှာ သမ္မတက တရားဥပဒေစိုးမိုးရေးအတွက် အစိုးရဝန်ထမ်းတွေ အနေနဲ့ ကျောသားရင်သားမခွဲဘဲ ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ဥပဒေတိုင်းဆုံးဖြတ်ကြရန်၊ ပြည်သူတွေကိုဖိနှိပ်တာမျိုးတွေ မလုပ်ကြဖို့နဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုက်ပါဆောင်ရွက်ကြဖို့ ကိုထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

"သမ္မတမို့၊ ဝန်ကြီးမို့၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌမို့ ဆိုပြီး ဥပဒေအထက်မှာ နေဖို့မဟုတ်ပါဘူး။ အကုန်အညီမျှ ဖြစ်ရမယ်။ မြို့သူကျတမျိုး၊ ဝန်ကြီးတွေဆို တမျိုး၊ အဲဒါတွေကျနော်မကြိုက်ပါဘူး။ ဒါနဲ့ပတ်သတ်လို့ ပြောချင်တာတချို့ပုဂ္ဂိုလ်တွေ မြင်တွေ့ ကြားနေရတယ်။ အဲ့ပုဂ္ဂိုလ်တွေကို ပြောချင်ပါတယ်။ တချိန်က အဲလိုအပြုအမူတွေ၊ အပြောတွေ မကြိုက်လို့ ဒီအလုပ်တွေလုပ်၊ ဒီတာဝန်ယူ၊ ဒီနေရာရောက်မှာ ဒီလိုအတိုင်း လုပ်နေမှာလား။ ကိုယ်ချင်းစာတရားထားဖို့ လိုပါတယ်။"

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်စလုံးမှာ တာဝန်ထမ်းဆောင်နေ ကြတဲ့ အစိုးရဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး အဂတိလိုက်စားမှုတွေ ရှိ လာရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူးလို့လည်း ပြောဆိုခဲ့တဲ့အကြောင်း အဲဒီပွဲကို တက်ရောက် ခဲ့တဲ့ တပ်ကုန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က ဗွီအိုအေကို ပြောပြပါတယ်။

"အပြစ်ပေးမယ်လို့တော့ ထည့်ပြောတာမရှိပါဘူး။ အဓိကကတော့အဂတိတရားပေါ့။ အဂတိလိုက်စားမှုတွေရှိရင်ခွင့်မလွှတ်ဘူးဆိုတာပြောတယ်။ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ အမှုတွေစီရင်တာမှာ ဘယ်သူ့မျက်နှာဘာဆိုတာမလိုက်ဘဲ ဥပဒေတိုင်းစီရင်ဖို့ တိုက်တွန်းသွားတယ်။"

သမ္မတက အခုလို ပြည်နယ်တိုင်းဒေသတွေက ဝန်ထမ်းတွေနဲ့ တွေ့ဆုံကာ သတိပေး စကားတွေ ပြောဆိုတာရှိပေမဲ့ တကယ့် လက်တွေ့ဆောင်ရွက်မှုနဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ဘယ်လောက်ထိ ထိရောက်နိုင်သလဲဆိုတာက စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ဆိုလာသူကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းပါ။

"၂၀၂၀ ရွေးကောက်ပွဲက တနှစ်ကျော်ကျော်လောက်ပဲ လိုတယ်လေ။ လက်ရှိ အစိုးရ အနေ နဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့က တွန်းအားပေးဖို့ဆိုရင် အချိန်က တော်တော်နည်းနေ ပြီ။ တကယ်ထိရောက်ဖို့ဆိုရင် အဂတိလိုက်စားမှုကို ဖိဖိစည်းစည်းလုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။"

သမ္မတ ဦးဝင်းမြင့်အနေနဲ့ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို တွေ့ဆုံတာ ဒါပထမဆုံးအကြိမ် ဖြစ်ပြီး အရင်လတွေတုန်းကတော့ ပဲခူး၊ ရန်ကုန်၊ မွန်နဲ့ ကယားတို့က ဝန်ထမ်းတွေနဲ့လည်း အခုလို တွေ့ဆုံခဲ့ကာ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုက်ပါကြဖို့ သတိပေးခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG