သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲ မှားယွင်းမှုများ ကော်မရှင် အားနည်းမှု ဟု ဝန်ခံ


ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးတင်ထွန်း။
ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးတင်ထွန်း။

ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးခဲ့ကြရာမှာ မဲပေးလိုသူအားလုံး မဲပေးခွင့် မရခဲ့တာဟာ ကော်မရှင်ရဲ့ အားနည်းချက်ကြောင့်ဖြစ် ပါတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဝန်ခံ ပါတယ်။ ပြည်ပရောက်နိုင်ငံသားတွေ မဲပေးမှုနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေကို နောက်ပိုင်းမှာ ပြင်ဆင်ဖြည့်စွတ်ဖို့ လိုအပ်မယ်လို့လည်း ပြောလိုက်ပါတယ်။

ကြိုတင်မဲပေးဖို့ ပြည်ပရောက် မဲဆန္ဒရှင်တွေဖက်က လိပ်စာမပြည့်စုံမှု၊ ရှင်းလင်းစွာ ဖြည့်စွက်ခြင်း မရှိတာတွေကြောင့်လည်း ကော်မရှင်အနေနဲ့ စီစစ်ရာမှာ အခက်အခဲကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်း မမေခ နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင် ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။ နောက်နောင် အမှားအယွင်းတွေ နည်းနိုင်သမျှ နည်းအောင်လို့ ပြည်ပရောက် နိုင်ငံသား တွေ မဲပေးတာနဲ့ ပတ်သတ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ (သို့မဟုတ်) လုပ်ထုံးလုပ် နည်း တွေကို ပြင်ဆင်ဖြည့်စွက်ဖို့ လုပ်ဆောင်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှုး ဦးတင်ထွန်းက ခုလိုပြောခဲ့တာပါ။

“ဒီအချိန် ကန့်သက်ချက်အရ ကျနော်တို့ အတတ်နိုင်ဆုံး စွမ်းဆောင်ခဲ့သော်လည်း ကျနော်တို့ ပြည်ပမှာ ရောက်ရှိနေတဲ့ ကျနော်တို့ ရဲ့ နိုင်ငံသားများအားလုံး အပြည့်အ၀ မဲမပေးရတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ စိတ်မကောင်းပါဘူး။ ဒီအပေါ်မှာ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲပေါ့နော်။ နောင်ဒါမျိုးမဖြစ်အောင်လို့ ကျနော်တို့ ပြန်ပြီး သုံးသပ်ကြပါတယ်။ ပြည်ပ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်လေးတွေကို လုပ်ထုံး လုပ်နည်းလေးတွေကို ကျနော်တို့ နည်းဥပဒေနဲ့သော်လည်းကောင်း ၊ လုပ်ထုံးလုပ်နည်း မှာတောင်ပြင်ဆင်ဖို့ဆိုပြီး ကျနော်တို့ ပြန်သုံးသပ်ပြီးတော့မှာ review လုပ်ပြီးတော့မှ ထွက်လာတဲ့ အဖြေလေးတွေရှိပါတယ်။”

ပြည်ပရောက်မြန်မာတွေကြိုတင်မဲပေးရေးအတွက် မူလက ဇူလိုင်လ ၁၀ ရက်နေ့ ကနေ သြဂုတ်လ ၂၃ရက်နေ့ အထိ ပုံစံ ၁၅ဖြည့် လျှောက်ဖို့ အချိန်ပေးခဲ့ပေမယ့် တသောင်းကျော်ဘဲ ရရှိခဲ့ကြောင်း၊ နည်းနေတဲ့အတွက် အချိန်ထပ်တိုးကာ စက်တင်ဘာ ၂၀ရက် ထိလက်ခံပေးခဲ့ကြောင်း၊ ဒီအတွက် နိုင်ငံအသီးသီးမှ ပုံစံ ၁၅ပေးပို့ခဲ့ ဦးရေ သုံးသောင်းကျော် ထိရှိလာခဲ့ တာဖြစ်ကြောင်း ပြည်ပရောက်မြန်မာတွေကြိုတင် မဲပေးနိုင်ဖို့ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သတ်ပြီး ဦးတင်ထွန်းက ခုလိုပြောပြပါတယ်။

“နိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ က နိုင်ငံသား အသီးသီးက နေရာတွေ မှာ ဖြန့်ကျပ်ပြီး ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ က ပုံစံ ၁၅ ကို တဦးခြင်းစီ ၊ တမြို့နယ်ခြင်းစီ ကျနော်တို့ ခွဲခြားတယ်။ ခွဲခြားပြီးတော့မှ ကျနော်တို့က သက်ဆိုင်ရာမြို့နယ်ကို ပို့ပါတယ်။ သက်ဆိုင်ရာ မြို့နယ်ကို ရောက်တဲ့အခါမှာ ဒီ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့မှ ဒီမဲစရင်းမှာ ပါမပါ၊ မဲပေးပိုင်ခွင့် ရှိမရှိဆိုတာ ကြည့်ပါတယ်။ မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင် ပုံစံ ၁(၃) လို့ခေါ်တဲ့ ၊ ဒီ ပြည်ပရောက် ကြိုတင်မဲပေးတဲ့ စာရင်းမှာ ထည့်သွင်းပါတယ်။ ပြီးတော့ နိုင်ငံတွေအလိုက်ကို ကျနော်တို့က နိုင်ငံခြားရေး ဌာနကို ကျနော်တို့က ပြန်ပြီးတော့ လွှဲအပ်ပေးပါတယ်။ နိုင်ငံခြားရေး ဌာနကမှ ကျနော်တို့ လွဲအပ်ပေးတဲ့ မဲလက်မှတ်တွေကို အိတ်တွေနဲ့ထည့်ပြီးတော့မှ သက်ဆိုင်ရာ သံရုံးတွေ အသီးသီးကို ပေးပို့ပါတယ်။”

ကြိုတင်မဲတွေပြန်ပို့တဲ့ နိုင်ငံတွေရဲ့ သံရုံးပေါင်း ၂၅ ရုံးက မဲလက်မှတ်တွေပြန် လည်ရောက်ရှိလာပြီလို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ မဲပြား မစုံလင်တဲ့အတွက် ရသလောက်ပဲ မဲပေးခဲ့ကြသူတွေနဲ့ မဲစာရင်းနာမည် ပါပေမယ့် မဲပြားမရလို့ မဲမပေးရသူတွေ အတွက် မဲပြားတွေကို စင်ကာပူ၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံကို မဲလက်မှတ်တွေ ထပ်ပို့ပေးခဲ့တယ် လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြည်ပနိုင်ငံတွေကနေ ပုံစံ ၁၅လျှောက်ထားတဲ့ ဦးရေ ၃သောင်း ၄ထောင်ကျော် ရရှိခဲ့ပေမယ့် ပြန်လည်ပေးပို့တာမှာ ၃သောင်း ၁ရာကျော် သာပြန်လည် ပေးပို့နိုင် ခဲ့ကြောင်း၊ ၄၀၀၀ကျော်ကို ချန်လှပ်ခဲ့ရတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် က ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ခုလိုပြောပြပါတယ်။

“မဲဆန္ဒရှင်တဦးတည်းကပဲ ပုံစံ ၁၅ ကို ၂ ကြိမ်ကနေပြီးတော့ ၅ ကြိမ်အထိ လျှောက် ထားတာမျိုးသွားတွေ့လာတယ်။ နောက် ဒုတိယအချက် ကတော့ ပြည်တွင်း လိပ်စာ၊ မြန်မာနိုင်ငံမှာ ရှိတဲ့လိပ်စာကို ပြည့်စုံ စွာဖော်ပြထားခြင်း မရှိတဲ့ အတွက်ကြောင့် လျှောက်ထားချက်ကို ကျနော်တို့အနေနဲ့ မဲလက်မှတ် ပို့ပေးလို့မရပါဘူး။ နောက်တခု ကတော့ ပြည်ပလိပ်စာဖော်ပြတဲ့နေရာမှာ တချို့ဆိုရင် ဘာမှ မရေးထားဘူး။ တချို့ကျတော့ ဘာရေးလဲဆိုတော့ ပြည်ပ လို့ပဲရေး လိုက်တယ်။ တချို့ကျတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ code လေးတွေပေါ့။ မြို့နယ်ရပ်ကွက် ကျေးရွာအထိ ဆင်းစစ်ရတဲ့အ တွက်ကြောင့် မို့လို့ တော်တော်လေး ခက်ခဲပါတယ်။ ဒါ သာမန်အားဖြင့်တော့ မသိနိုင်ကြပါဘူး။ ဒါနိုင်ငံတွေရဲ့ code ကို ရေးထားတာကြောင့်မို့။ ကျနော်တို့မှာ ပို့ပေးချင်ရဲ့သားနဲ့ ဘယ်နိုင်ငံပေးပို့ရမှာ မသိလို့ ကျန်ခဲ့တာလေးတွေဖြစ်ပါတယ်။”

လက်ရှိမှာပြည်ပရောက်မြန်မာနိုင်ငံသားတွေမဲပေးတာမှာ စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး ကြိုတင်မဲပေးသူ ၂သောင်းကျော် ရှိတယ်လို့ကော်မရှင် က ပြောပါတယ်။ ဒီထဲမှာ ဒါကာနိုင်ငံကတော့ အနည်းဆုံးဖြစ်ပြီး ၃၀ကျော်သာ မဲပေးခဲ့တယ်လို့ ပြောပါတယ်။

အခုအချိန်မှာ ရွေးကောက်ပွဲကော်မရှင်ဆီ ပြန်လည်ပေးပို့လာတဲ့မဲတွေကို လုံခြုံရေးအဆင့် တိုးမြှင့်ကာ သိမ်းထားကြောင်း လုံခြုံရေးအရ တိတ်၊ ချိပိ စတာတွေအပြင် တံဆိပ်ပါ ကြိုးပိတ်ကာ သိမ်းထားကြောင်း၊ လုံခြုံရေးဆိုင်ရာအရ မဲမသမာမှု လုံးဝမဖြစ်နိုင်ကြောင်း ကော်မရှင်က ဒီကနေ့အာမခံပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG