သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် ဒေသတွေ မဲစာရင်း ကြေညာမည့် ရက် ထပ်တိုး


ချင်းပြည်နယ် ဟားခါးမြို့ ရေ လွှမ်းမိုးမှုကြောင့် မြေပြိုကျ မှုဖြစ်ပွား။
ချင်းပြည်နယ် ဟားခါးမြို့ ရေ လွှမ်းမိုးမှုကြောင့် မြေပြိုကျ မှုဖြစ်ပွား။

ရေဘေးသင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့မှာ မဲစာရင်း စိစစ်မှုတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ မဲစာရင်း ကြေညာမယ့် ရက် ထပ်တိုးပေးမယ် လု့ိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ လိုက်ပါတယ်။ သဘာ၀ ဘေးဒဏ် ခံစားရပြီး ပြန်လည် ထူထောင်နေရတဲ့ ဒေသတွေ မှာ ရွေးကောက်ပွဲ အတွက် ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ ဆိုတာ ကိုတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်တွေကို လနဲ့ချီ ခံစားခဲ့ရပြီး အခုချိန်ထိ ပြန်လည်ထူထောင်ရေး လုံလုံလောက်လောက် မလုပ်နိုင်သေးတဲ့ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ် တချို့ကို မဲဆန္ဒရှင် စာရင်း ကြေညာမယ့် ရက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်း တပတ်ကနေ သတင်း ၃ ပတ် အထိ တိုးမြှင့်ပေးလိုက်ပါတယ်။

မြေပြိုမှုကြောင့် အိုးအိမ်တွေ ဆုံးရှုံးပြီး မြို့ကိုပါ ရွှေ့ပြောင်းထားရတဲ့ ဟားခါးမြို့ မှာတော့ မဲဆန္ဒရှင် စာရင်းကို အောက်တိုဘာလ ၁၀ ရက်နေ့အထိ ကြေညာပေး သွားမှာ ဖြစ်တယ်လို့ ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဘွေဟူးက ပြောပါတယ်။

"မဲစာရင်းအနေနဲ့ကတော့ မဲစာရင်းတော့ အားလုံး ဆိုင်းဘုတ်မှာ ကပ်နေပါတယ်။ ကပ်ပြီးပြီ မဲစာရင်းက ဘာဖြစ်လို့ တိုးသလဲဆိုတော့ ကျနော်တို့ စာရင်းကောက်တုန်းက မရှိတဲ့သူတွေ နောက်ပြီးတော့ မေ့ကျန်တဲ့သူတွေလည်း နာမည်မပါလို့ အဲ့တာလျှောက်ထားတော့ အခု မဲစာရင်း အားလုံးစုံပြီးပြီလို့ ပြောကြ တယ်။ ကျနော်တို့ ဟားခါးမြို့နယ်အနေနဲ့ကတော့ မဲရုံဖွင့်ဖို့ အခက်အခဲတော့ မရှိပါဘူး။ ဒါပေမဲ့ ဥပမာ ကျနော်တို့ မြို့ဟောင်းက အားလုံး ပြိုတဲ့အတွက် မြို့ဟောင်းကနေ ဟိုး မြို့သစ်ကို ပြောင်းပြီးတော့ မဲရုံက အရင်က မြို့ဟောင်းမဲရုံကို မြို့သစ် မဲရုံကိုပြောင်းလိုက်တယ်။ အဲ့သလိုပဲ အခက်အခဲတော့ နည်းနည်းပါးပါးတော့ ရှိတယ်။ ဒါပေမဲ့ သိပ်တော့ မရှိပါဘူး။ "

မြေပြိုမှုကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြရတဲ့ သူတွေဟာ ဟားခါးမြို့သစ်က ဘုရားကျောင်း မှာ ခိုလှုံနေကြရပြီး နေစရာ ၊ စားစရာ ၊ လမ်းပန်းဆက်သွယ်ရေးတို့မှာ အတော်လေး အခက်တွေ့နေရတဲ့ အပြင် မဲရုံတွေကိုလည်း ရွှေ့ရမယ်လို့ ဦးဘွေဟူးက ပြောပါတယ်။

"အိမ်ပြိုတဲ့သူက မြို့သစ်မှာပဲ အားလုံး ပြောင်းလိုက်တယ်ဆိုတော့ မြို့သစ် ဘုရားရှိခိုးကျောင်းမှာ များသောအားဖြင့် နေကြတယ်။ နောက်ပြီးတော့ အထက(၁)မှာ Assembly Hall မှာပဲ နေကြတယ်။ အဲ့လိုပဲ များသောအားဖြင့် ဘုရားရှိခိုးကျောင်းမှာပဲ နေကြတယ်။ မပြိုတဲ့နေရာလည်း ရှိတော့ရှိတာပေါ့ဗျာ။ ဒါပေမဲ့ အိမ်ခြေ ငါးရာလောက်တော့ ပြိုသွားတယ်လို့ ပြောကြတယ်။ လမ်းပမ်းဆက်သွယ်ရေးက အစိုးရအနေနဲ့လည်း အတော့်ကို ကြိုးစားနေပါတယ်။ ဒါပေမဲ့ မိုးကလည်း မတိတ်ဘူး။ ဒီလိုပဲ ရွာနေတယ်ဆိုတော့ လမ်းက အခုပြင်တယ်။ မနက်ဖြန် ပြန်ပြိုတယ်။ အဲ့လိုပဲ လမ်းက သိပ်မကောင်းသေးပါဘူး။ "

ချင်းပြည်နယ်တွင်းက ဟားခါးမြို့အပြင် မတူပီ၊ တွန်းဇံမြို့တို့ကိုလည်း မဲစာရင်း ကြေညာမယ့်ရက်ကို ထပ်တိုးထားပါတယ်။ စစ်ကိုင်းတိုင်း အတွင်းက ရေဘေးကြောင့် မဲစာရင်း ကြေညာတဲ့ ရက် နောက်ဆုတ်ခဲ့ရတဲ့ ဒေသ တချို့ကိုလည်း ရက်ထပ်တိုးပေးထားတဲ့ အကြောင်း စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

"မောက်လိုက်တို့ ဖောင်းပြင်တို့ ဒီဘက်နားက ကလေးဝ တို့ ရေကြီး တယ်ပေါ့နော်။ ရေကြီးတော့ ပထမပိုင်းတော့ ၁၄ရက်နေ့မှာ မဲစာရင်းကပ်ရမယ်ပေါ့။ တချို့ မြို့နယ်အုပ်စုတွေက မကပ်နိုင်ဘူးလေ။ ရွာတွေက မော်လိုက်မှာဆို နည်းနည်းကျန်တယ်ပေါ့။ မော်လိုက်တို့ ဖောင်းပြင်တို့မှာ ကျန်တယ်ပေါ့နော်။ အဲ့တာလေးတွေကတော့ ၁၈ရက်နေ့မှ ကပ်နိုင်မယ်။ အဲ့တာကြောင့်မို့ နည်းနည်းနောက်ကျပြီးတော့ ကပ်တဲ့နေရာလေးတွေကို ပြန်ပြီးတော့ ကြည့်တဲ့ရက် ပိုရအောင်ပေါ့နော်။ လာပြီးတော့ ကန့်ကွက်ချင်လည်း ရအောင်ဆိုပြီး နောက်ထပ် ရက် ထပ်တိုးပေးလိုက်တာပါ။ "

စစ်ကိုင်းတိုင်း အတွင်းမှာတော့ မဲစာရင်း အနည်းငယ် ပြင်ဆင်ရတဲ့ အနေအထားရှိပေမယ့် ဆိုးဆိုးဝါးဝါး မှားယွင်းတဲ့ အနေအထား မရှိဘူးလို့လည်း တိုင်းကော်မရှင် ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းက မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင် မြို့နယ်တို့ကိုတော့ အောက်တိုဘာ ၂ ရက်နေ့ အထိ တိုးပေး ထားတာပါ။ စေတုတ္တရာ၊ မြင်းခြံ၊ ဟသာၤတ၊ ဇလွန်၊ မြန်အောင်မြို့နယ် တို့မှာတော့ စက်တင်ဘာလ ၄ ရက်နေ့ အထိ တိုးမြှင့်ပေးထားတဲ့အင်္ဂပူမြို့နယ်မှာတော့ စက်တင်ဘာ လကုန်အထိ မဲစာရင်းတွေ စစ်ဆေး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG