သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံလိဂ်ဖလား လစ်ဗာပူးလား စပါးလား


UEFA ဥရောပချန်ပီယံလိဂ်ဘောလုံးဖိုင်နယ်ကိုတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒီကနေ့ ကစားကြမှာဖြစ်ပြီး အင်္ဂလန်က လီဗာပူးလ် နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဗိုလ်လုကြမှာပါ။ လီဗာပူးလ်က ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ် မြောက် ဗိုလ်စွဲဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တော့တင်ဟမ်ကလည်း ဥရောပဖလားကို ပထမဆုံးအကြိမ် အနိုင်ရပြီး သမိုင်းမှတ်တိုင်သစ်ရေးထိုးဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်ဘောလုံးသမားတွေအပါအဝင် မြန်မာနိုင်ငံက အားကစားကလောင်ရှင်တွေက ဘယ်လိုခန့်မှန်းသုံးသပ်နေကြသလဲ ဆိုတာကိုတော့ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။

တကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေရဲ့ အာရုံကတော့ ဒီကနေ့မှာ မက်ဒရစ်မြို့ကို ရောက်နေပါပြီ။ ဥရောပချန်ပီယံလိဂ်ဖလားဘောလုံး ဖိုင်နယ်ပွဲကို အက်တလက်တီကို မက်ဒရစ်အသင်းရဲ့ Metropolitano ဘောလုံးကွင်းကြီးမှာ ကစားကြမှာဖြစ်ပြီး အင်္ဂလန်ပရီမီယာလိဂ်က ပြိုင်ဘက် အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးလ် နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်ဘက်ကလည်း လူစုံပါဝင်ဖို့ရှိသလို တော့တင်ဟမ်ဘက်မှာလည်း သူတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာသက်သာ လာပြီဖြစ်တဲ့အတွက် ပြန်ပါလာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုကတော့ သူ့အသင်းရဲ့ အနေအထားက ကောင်းတယ်လို့ ပြောလိုက်ပြီး သူတို့အနေနဲ့ ဒီပွဲမှာ အနိုင်ရပြီး သမိုင်းမှတ်တိုင်တခုရေးထိုးချင်ကြောင်း လီဗာပူးလ်ကို အနိုင်ရဖို့အတွက် ဘာလုပ်ရမယ်ဆိုတာ သိတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကတော့ အခုတကြိမ် ဖိုင်နယ်တက်လာတဲ့ လီဗာပူးလ်အသင်းဟာ အရင်က သူ့နဲ့ အတူ ဖိုင်နယ်တက်ဖူးတက် အသင်းတွေ ထက် ပိုကောင်းတယ်လို့ ပြောလိုက်ပါတယ်။ အားကစားကလောင်ရှင် ကိုဇော်မျိုးသန့်က ၂ သင်းစလုံးက တိုက်စစ်ဖွင့်ကစားတဲ့ အသင်းတွေဖြစ်တဲ့ အတွက် ဒီပွဲက ဂိုးတွေအပြန်အလှန်သွင်းပြီး ကြည့်ကောင်းတဲ့ ပွဲတပွဲဖြစ်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"ကျနော့်အမြင်ကတော့ စပါးကတော့ သေချာပေါက် ဖွင့်ကစားမှာပဲ။ လီဗာပူးလ်ကလဲ ဒီပွဲမှာ ခံစစ်အသားပြုကစားလို့ရှိရင် ဂိုးစပေးလို့ရှိရင် နောက်ကလိုက်ကစားဖို့က ခက်မှာဆိုတော့ တိုက်စစ် ၂ သင်းလုံး အပြိုင်ဖွင့်ပြီးတော့ ကစားကြမယ့် ပွဲတပွဲလို့ ကျနော်က အဲ့လိုပဲ သုံးသပ်ချင်ပါတယ်။ ဂိုးများမယ်ပေါ့။ သွင်းဂိုးများမယ့် အနေအထားမှာရှိနေမယ်လို့ ကျနော်ကတော့ အဲ့လိုသုံးသပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် သူ့အနေနဲ့ ခံစားလို့ရှိရင် လီဗာပူးလ်လိုအသင်းမျိုးကို ခံကစားလို့ရှိရင် တချိန်မဟုတ် တချိန်မှာ ဂိုးပေးရပြီး နောက်ကလိုက်ကစားရင် ခက်သွားမယ်ဆိုတာ သူသိတယ် အဲ့လို သုံးသပ်မိပါတယ်။"

လီဗာပူးလ်က ချန်ပီယံလိဂ်ကို ၅ ကြိမ် ရထားပြီး တော့်တင်ဟမ်ဟော့စပါးအသင်းအတွက်တော့ ဒါက ပထမဆုံးအကြိမ် ဖိုင်နယ်ကို တက်တာပါ။ ဒီ ၂ သင်း အခုနှစ် ပရီမီယာလိဂ်မှာ ၂ ကြိမ် တွေ့ခဲ့တာမှာတော့ လီဗာပူးလ်ကပဲ ၂ ကြိမ်စလုံးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကျော်ဘောလုံးသမားတွေ အပါအဝင် အတော်များများကတော့ ဒီပွဲမှာ လီဗာပူးလ်အသင်းနိုင်မယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ UEFA ချန်ပီယံလိဂ်ရဲ့ Facebook စာမျက်နှာမှာတော့ ဘရာဇီးက ရော်ဘတ်တိုကားလို့စ် နဲ့ ကာဖူးတို့ကလည်း လီဗာပူးကလ် ၃ ဂိုး ၂ ဂိုး နဲ့ နိုင်မယ်လို့ ခန့်မှန်းထားပြီး အင်္ဂလန်ဂိုးသမား ဒေးဗစ်ဂျိမ်းစ်ကတော့ လီဗာပူးလ်က ၂ ဂိုး ၁ ဂိုး နဲ့ နိုင်မယ်လို့ သုံးသပ်ပါတယ်။ အီတလီက ကမ္ဘာကျော်ဘောလုံးသမား ဒဲလ်ပီယာရိုကတော့ ၄ ဂိုး စီ သရေကျမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့လည်း လီဗာပူးလ်နည်းပြ Jurgen Klopp အတွက်တော့ ချန်ပီယံလိဂ် ၂ ကြိမ် အပါအဝင် ဖိုင်နယ်ကို ၆ ကြိမ်တက်ဖူးတာမှာ ၆ ကြိမ် စလုံး ရှုံးထားတဲ့ သမိုင်းကလည်း ရှိနေလေတော့ ဒီပွဲမှာရော ဘာတွေဖြစ်လာအုံးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမဲ့လည်း ကလော့ပ်ကတော့ ၇ ကြိမ်မြောက်မှာ ကံကောင်းဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီပွဲအပေါ် အားကစားကလောင်ရှင် ဦးမြတ်သက်က ဘယ်လိုခန့်မှန်းပါသလဲ။

"လီဗာပူးလ်အနိုင်ပဲ။ လီဗာပူးလ် အချိန်ပိုကန်ရမလား။ ပန်နတီထိဆိုရင်တော့ ဒါကတော့ ကံကြမ္မနဲ့က ရာနှုန်းပြည့်ဆိုင်သွားပြီလေ။ ပွဲချိန်အပြည့်နဲ့ အချိန်ပိုကန်ရမယ်ဆိုရင်တော့ အဲ့ဒီအတွင်းမှာ ရှုံး၊ နိုင် အဖြေပေါ်ရေးဆိုရင်တော့ လီဗာပူးလ်ပဲနိုင်မှာပါ။ အရမ်း သူတို့က Confidence လည်းရှိတယ်ဗျာ။ နောက်တခုက စိတ်ဓါတ်အနေနဲ့လည်း ဒါကတော့ တော်တော်ကို စပါးလည်း စိတ်ဓါတ်တက်နေမှာပါပဲ။ နည်းပြချင်းယှဉ်ရင်လည်း ကျနော်ကတော့ လီဗာပူးလ်နည်းပြကို ပိုကြိုက်တယ်ဗျ။ သူကတော့ ခေါင်းအေးတယ်။ ခုနပြောသလို စပါးရဲ့ လူစားလဲ ကစားသမားသည် ပထမကစားသမားနဲ့ မှီအောင် အရည်အချင်းရှိမှု အပိုင်းမှာကျတော့ လီဗာပူးလ်ကို မမှီဘူးဗျ။ ဂိုးကတော့ ကျနော်ထင်တယ် ၂ - ၁ တို့ ဂိုးများနိုင်တယ်လို့ထင်တယ်ဗျ။ ဂိုးများနိုင်တယ်ဆိုတာ ဖွင့်ကစားကြမှာကိုး။"

အတော်များများက လီဗာပူးလ်နိုင်မယ်လို့ ခန့်မှန်းနေကြပေမယ့်၊ ကိုဇော်မျိုးသန့်ကတော့ ဒီပွဲက မထင်မှတ်တဲ့ ရလဒ်တွေဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

"ဒီပွဲမှာတော့ ကျနော့်အမြင်ပြောရလို့ရှိရင် လီဗာပူးလ် အဲ့လောက်ကြီး လွယ်လွယ်နဲ့အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ကျနော်က အဲ့လိုပဲ သုံးသပ်ချင်ပါတယ်။ စပါးကတော့ ကျနော်တို့ မန်စီးတီးနဲ့ ဒုတိယအချက် ကစားလို့ သူတင်ကိုယ်တင် အသင်းဖွင့်ကစားပြီးတော့ မင်းလည်းသွင်းငါလည်းသွင်းဆိုရင်တော့ လီဗာပူးလ် စပါးရဲ့ သူတင်ကိုယ်တင်ကစားတဲ့ဟာကို ခံနိုင်မယ် မထင်ဘူး။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်က နည်းနည်းလေး စပါးထက်စာလို့ရှိရင် ပို့စ် ကစားတဲ့ အခါမှာ နည်းနည်းလေးပျော့တယ်။ စပါးကတော့ မာတယ်ပေါ့။ အဲ့လို ကစားနိုင်လို့ရှိရင်တော့ စပါးသာသွားမယ်ဗျ။ လီဗာပူးလ်က စပါးက ထိန်းကစားမယ်ဆိုလို့ရှိရင် လီဗာပူးလ် အသာရသွားမယ်ပေါ့။ ဆိုတော့ အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ဒီပွဲက ပရိတ်သတ်တွေ ထင်မှတ်မထားတဲ့ ရလဒ်တခု ထွက်လာနိုင်တယ်ပေါ့။ လီဗာပူးလ်ပွဲစဉ်အတွင်းမှာ နိုင်ဖို့ခက်လိမ့်မယ်လို့ ကျနော်ကတော့ အဲ့လိုပဲ သုံးသပ်ချင်ပါတယ်။"

မက်ဒရစ်မြို့မှာ ဘယ်အသင်းပဲ နိုင်နိုင် သေချာတာကတော့ ဥရောပချန်ပီယံလိဂ်ဖလားကြီးကတော့ အင်္ဂလန်ကို သေချာပေါက် ရောက်မှာဖြစ်ပါတယ်။ ဆိုတော့ လီဗာပူးလ်က ဥရောပချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးသွားမလား ဒါမှမဟုတ်တော့တင်ဟမ်ကပဲ ပထမဆုံးအကြိမ် အနိုင်ယူပြီး ချန်ပီယံဖြစ်သွားမလားဆိုတာကတော့ရင်ခုန်စွာ နဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG