သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စစ်တပ် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေဟု ဗြိတိန်ဝန်ကြီးပြော


ဗြိတိသျှသံရုံးမှာကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၃၀၊ ၂၀၁၄)
ဗြိတိသျှသံရုံးမှာကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၃၀၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ်ချက်တွေရှိနေပြီး၊ ဒီလုပ်ငန်းစဉ်တွေမှာ မြန်မာ စစ်တပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အကြောင်းနဲ့ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း ကောင်းမွန်တဲ့ သမိုင်းအမွေထားခဲ့ဖို့ အခွင့်အလမ်းရှိနေတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွိုင်ယာ က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှာကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူတဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်းတင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက်ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုလ်ဆွိုင်ယာဟာ လက်ရှိ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု နယ်ပယ် နှစ်ရက်နဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရရဲ့ အမြင်ကို ရှင်းလင်းပြောဆိုသွားပါတယ်။

ဒါကတော့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စပါ။ ဒီမိုကရေစီ နည်းကျပြုပြင်ပြောင်းလဲရေးမှာတော့ ဖွဲစည်းပုံ အခြေခံကို ပြုပြင်ပြောင်းလဲဖို့လိုပြီး ဒါဟာ မြန်မာပြည်သူတွေရဲ့ အမှန်လိုလားချက်ဖြစ်တယ်လို့ သူ မြင်ရတဲ့အကြောင်း ပြောသွားပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၅၉ စ အရ သမ္မတရာထူးလက်ခံယူနိုင်တဲ့ ပုဒ်မကို ထောက်ပြပါတယ်။ ဒါတွေ မပြင်နိုင်ရင် လာမယ့် ရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

"ဒီအချက်ဟာ မတူတဲ့ အရင်ခေတ်တုန်းက ထားခဲ့တဲ့ အကြွင်းအကျန်ပါ။ အခြေခံအားဖြင့်ကို ဒီမိုကရေစီနည်းမကျပါဘူး။ အခြေခံသဘောတရားအရကို မှားယွင်းနေပါတယ်။ နိုင်ငံသားတွေကို သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခွင့် တန်းတူပေးတဲ့ ပြင်ဆင်ချက်ဖြစ်မလာပဲနဲ့တော့၊ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူး။ ဒီလို မမျှတတဲ့ရွေးကောက်ပွဲ အတိုင်းဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်လက်ခံဖို့ သံသယရှိကြမှာပါ။ နိုင်ငံသားအားလုံး သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခွင့်ရှိသင့်တယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်မှတ်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီစကား လက်တွေ့ အကောင်အထည်ဖြစ်လာရေး တတ်ကြွစွာထောက်ခံဆောင်ရွက်ဖို့တော့ သမ္မတကို တိုက်တွန်းလိုပါတယ်။"

အခုလို ဖွဲ့စည်းပုံပြင်ရေးကိစ္စရော တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ကိစ္စမှာ လွှတ်တော်တွင်း အဓိက အင်အားစုနှစ်ရပ်မှာ အရေးကြီးတယ်လို့ မစ္စတာ ဆွိုင်ယာက ပြောသွားပါတယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကို ရည်ညွှန်းပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လက်ရှိအခြေအနေမှာ သမိုင်းအမွေကောင်း ချန်ရစ်နိုင်မယ့် အခွင့်အလမ်း ရှိနေပြီဆိုပြီးတော့ ပြောဆိုသွားပါတယ်။

"ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အနေနဲ့ ထင်ကျန်ရစ်မယ့် သမိုင်းအမွေတရပ် ထားခဲ့နိုင်ဖို့ အခွင့်အလမ်းက ရှိနေပါတယ်။ လက်ရှိတပ်မတော်ကို အတိတ် ကာလတုန်းက အနှောင်အဖွဲ့တွေကနေ လွတ်ကင်း သွားအောင် ဆောင်ရွက်နိုင်တဲ့ သတ္တိပြည့်ဝတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ် တယ်ဆိုပြီး ကျန်ရစ်ခဲ့မယ့်သမိုင်းအမွေပါ။ ဒီနိုင်ငံဟာ ဒေသထဲက အခြားနိုင်ငံတွေ စံနမူနာ အတိုင်း ရေရှည်မှာ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ကျနော်တို့တွေ မျှော်လင့်ပါတယ်။ "

တချိန်တည်းမှာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီကျင့်ဝတ်ဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်တန်းပေးမှုကစပြီး၊ နှစ်ဖက် စစ်ဖက် ဆက်ဆံမှုတွေ စတင်ခဲ့ပြီလို့ မစ္စတာဆွိုင်ယာက ပြောပါတယ်။ အခုလို စစ်တပ်နဲ့ ထိစပ်နေပေမယ့်လည်း တဖက်မှာတော့ ထောက်ပြဝေဖန်စရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

"တပ်မတော်နဲ့ ထိစပ်ပတ်သက်လာပြီဆိုပေမယ့်လည်း ကျနော်တို့မှာရှိနေတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို ထောက်ပြပြောဆိုမှုတွေ မလုပ်ပဲမနေပါဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိရေး ဒီနှစ်ချက်ဟာ ကျနော်ပြောခဲ့တဲ့ စိုးရိမ်ပူပင်မိတဲ့ အချက်တွေပါ။ ကလေးစစ်သားတွေ ကိစ္စဟာလည်း နောက်ထပ် ဥပမာတရပ်ပါ။ မကြာခင်တုန်းက ကလေးစစ်သား ၉၆ ဦးကို တပ်ကထွက်ခွာခွင့်ပေးလိုက်တာ ကြိုဆိုပါတယ်။ ဒီလိုကျေနပ်စရာရှိတဲ့ တိုးတက်မှုတွေရှိပေမယ့် ဖြေရှင်းစရာတွေ အတော်ကျန်နေသေးတာမို့ ကုလသမဂ္ဂနဲ့ လက်ရှိပူးပေါင်းဆောင်ရွက်တာတွေကို တိုးချဲ့ဆောင်ရွက်ဖို့ အလျင်အမြန်လိုနေပါတယ်။"

ငြိမ်းချမ်းရေးကိစ္စတွေပြောရာမှာတော့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အပြင် ရခိုင်ဒေသမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မွတ်ဆလင် လူနည်းစုတွေကို ပစ်မှတ်ထားအကြမ်းဖက်မှုတွေရှိတာကို စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းပြောပါတယ်။ မကြာခင်က ထပ်ဖြစ်ခဲ့တဲ့ အခြေအနေတွေ အပေါ်မှာလည်း အများက ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေဖြစ်ဖို့ လိုမယ်လို့ ထောက်ပြသွားပါတယ်။

"အရေးကြီးနေတာက အများက လက်ခံယုံကြည်ဖို့ပါ။ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ စွတ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာပါ။ ဒီလို စုံစမ်းမှုတွေကို အများက လက်ခံ ယုံကြည်နိုင်ဖို့ဆိုရင်တော့ လူမှု အသိုင်းအဝိုင်း အားလုံးက အများလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်တွေ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ဖို့လိုပါတယ်။ "

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကျော်လွှားရာမှာ တတ်နိုင်သမျှ အကူအညီတွေ ပေးသွားမယ် လို့ မြန်မာတာဝန်ရှိသူတွေနဲ့ သူဆုံတွေ့စဉ်မှာ သူ့ဖက်ကကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီးက ပြောပါတယ်။

စီးပွားရေးအရဆိုရင်တော့ ဗြိတိန်နိုင်ငံအနေနဲ့ တာဝန်သိရင်းနှီးမြုပ်နှံမှုတွေကို အားပေးသွားမှာဖြစ်သလိုပဲ ဒီနှစ်အတွင်းမှာတော့ အမေရိကန်ဒေါ်လာ သန်း၁၀၀ အထိ ဖွံဖြိုးရေးအကူအညီတွေကို တိုးမြင့်ပေးမယ်လို့လည်း ကြေညာသွားပါတယ်။ ဒီအကူအညီတွေမှာ နယ်စပ်ဒေသလူနည်းစုလူမျိုးတွေ ဖွံဖြိုးတိုးတက်ရေးနဲ့ စစ်ပြေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက်ပါ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေရှိတယ်ဆိုတာကိုလည်း အသိအမှတ်ပြု ပြောဆိုသွားပါတယ်။
XS
SM
MD
LG