သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာ ခေတ်သစ်ကျွန် ၁၃,၀၀၀ ရှိ


ဗြိတိန်ပြည်ထဲရေးဝန်ကြီး Theresa May
ဗြိတိန်ပြည်ထဲရေးဝန်ကြီး Theresa May

ဗြိတိန်နိုင်ငံမှာ လူမှောင်ခိုကူးခံရသူ ၁၃,၀၀၀ ရှိပြီး အဲဒီသူတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ဒါမှမဟုတ်လည်း ခေတ်သစ် ကျွန်တွေအဖြစ် အသုံးချခံနေရတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ အရင် အစိုးရက ကောက်ခံရရှိထားတဲ့ စာရင်းဇယားတွေထက် ၄ ဆလောက် ပိုများနေတာလည်း ဖြစ်ပါတယ်။

လူမှောင်ခိုကူးခံရသူတွေဟာ ပြည့်တန်ဆာ ဒါမှမဟုတ်လည်း ငွေကြေးအမြတ်အစွန်းအတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံကြရတဲ့အပြင် လစာ အနည်းငယ် ဒါမှမဟုတ်လည်း လစာလုံးဝမရဘဲ အိမ်ဖော်အဖြစ် အလုပ်လုပ်နေကြရပြီး တချို့ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံ တွေနဲ့ ငါဖမ်းသင်္ဘောတွေပေါ်မှာ အလုပ်လုပ်ကြရတယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ကောက်ခံရရှိတဲ့ စာရင်းဇယားတွေမှာ ဖော်ပြ ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ခေတ်သစ် ကျွန်စနစ် ပပျောက်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ ဒီ ကျွန်စနစ် ရှိနေတယ် ဆိုတာကို ရင်ဆိုင် လက်ခံကြဖို့လိုအပ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ ခေတ်သစ် ကျွန်တွေအဖြစ် အခုလောက် အရေအတွက်များများ ရှိနေတာဟာ အင်မတန် ထိတ်လန့်စရာကောင်းပြီး အခု အသစ်ထွက်လာတဲ့ အရေအတွက်အရ ဒီကိစ္စကို အလျင်အမြန် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။

ခေတ်သစ် ကျွန်စနစ်နဲ့ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး အစီအစဉ်တစိတ်ပိုင်းအဖြစ်နဲ့ ဗြိတိန်အစိုးရ ရာဇဝတ်မှုဆိုင်ရာအေဂျင်စီက ဒီ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ မနှစ် ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ၂,၇၄၄ ဦးပဲရှိတယ်လို့ ဖော်ပြထားရာက အခုနှစ်မှာ ၁၃,၀၀၀ အထိ ရှိလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG