သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ဖို့ အိန္ဒိယကို ဗြိတိန် တိုက်တွန်း


ဗြိတိန်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့တဲ့အခါမှာ ကုန်သွယ်ရေးကိစ္စအပြင် အခြား လုံခြုံရေး အကြောင်းရပ်တွေ ဆွေးနွေးကြတဲ့အခါ အိန္ဒိယ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ကြာသပတေးနေ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်တို့ တွေ့ကြတဲ့အခါ စီးပွားရေးကိစ္စ အပြင် ဒေသတွင်း အခြေအနေကိုလည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအထဲမှာတော့ အာဖဂန်၊ ပါကစ္စတန် အရေးကိစ္စနဲ့ မြန်မာနိုင်ငံ ကိစ္စတွေဟာ အဓိက ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် အခု အိန္ဒိယ စရောက်နေတဲ့ အချိန်မှာပဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း အခု အိန္ဒိယနိုင်ငံမှာ ရှိနေတုန်းပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အိန္ဒိယရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါတယ်ဆိုတာ အိန္ဒိယ ခေါင်းဆောင်တွေကို ဗြိတိသျှ အစိုးရက သတိပေးသွားဖို့ ရှိတယ်လို့ လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“Burma Campaing UK က ရတဲ့ သတင်းအရဆိုရင် ဗြိတိန်ဝန်ကြီးချုပ် အနေနဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ မြန်မာ့အရေးကို ဆွေးနွေးပါလိမ့်မယ်။ အခု ဒီကနေ့မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟေ့ဂ် (William Hague) တို့ တွေ့ဆုံတော့ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ မြန်မာ့အရေးဟာ ထိပ်တန်းမှာ ရှိနေသေးတယ်ဆိုတော့ ဒါ သတင်းကောင်းပါပဲ။”

ဗြိတိန်အစိုးရဟာ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သဘောထား အတော်လေး တင်းမာမှု ရှိပေမဲ့ အိန္ဒိယ အစိုးရကတော့ နောက်ပိုင်း မြန်မာအစိုးရနဲ့ အတော်လေး နီးနီးကပ်ကပ် ဆက်ဆံလာပါတယ်။ အိန္ဒိယ အစိုးရရဲ့ လက်ရှိ မြန်မာ့အရေး ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလုပ်မဖြစ်ဘူး ဆိုတာကို ဗြိတိသျှ ဝန်ကြီးချုပ်က ပြောနိုင်တယ်လို့ မာ့ခ်က ယူဆပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့နဲ့ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အစိုးရ တွေ့ဆုံ ဆွေးနွေးလာအောင် အမှန်ကန်ဆုံး ချဉ်းကပ်ရမယ့် နည်းလမ်းဟာ စစ်အာဏာရှင်တွေကို ဖိအားတွေ ပိုပေးခြင်းပဲလို့ ဗြိတိန်အစိုးရက ယူဆထားတုန်းပါ။ အခု ရှိနေတဲ့ အခြေအနေဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတမှု ရှိမယ်လို့ မယူဆပါဘူး။ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တခုလုံးဟာ ဒီမိုကရေစီ ပြောင်းလဲမှုအတွက် မဟုတ်ဘဲ စစ်အစိုးရကို ပိုပြီး အားကောင်းစေဖို့သာ ဖြစ်တယ်လို့ ယူဆထားပါတယ်။

“အခု ဖွဲ့စည်းပုံသစ်ဟာ အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လုပ်တာပဲလို့ ယူဆပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေဖြစ်ဖို့ စစ်အစိုးရကို ပိုပြီး ဖိအားတွေ ပေးရမယ် ဆိုတာကို အိန္ဒိယ အစိုးရကို ပြောဖွယ်ရှိပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ အိန္ဒိယက မြန်မာ့အရေး လက်ရှိ ချဉ်းကပ်မှု ပုံစံကိုလည်း သဘောမတူဘူးဆိုတာ ပြောဖွယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချည်းကပ်မှုဟာ အပြုသဘော အဖြေမထွက်သလို အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မယူဆတဲ့ အကြောင်းတွေ ပြောဆိုဖွယ် ရှိပါတယ်။”

ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယကို ရောက်နေချိန်၊ မြန်မာစစ်ခေါင်းဆောင်ကလည်း အိန္ဒိယကို ရောက်နေချိန်မှာပဲ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် မြန်မာခေါင်းဆောင်တွေကို ဖျောင်းဖျ ပြောသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကလည်း မနေ့က နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အိန္ဒိယ၊ မြန်မာ အိမ်နီးချင်း ဆက်ဆံရေး ရှိတယ်ဆိုတာ ကျနော် သတိပြုမိပါတယ်။ အဲဒီ အိမ်နီးချင်း ဆက်ဆံရေးမျိုးနဲ့ ပတ်သက်လို့ အိန္ဒိယကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း ပြောခဲ့ဖူးပါတယ်။ အိန္ဒိယဟာ သူ့ရဲ့ အရှိန်အဝါ၊ သူ့ရဲ့ ရင်းနှီးမြှုပ်နှံ သြဇာတွေကို အသုံးပြုပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်လာရေး မြန်မာခေါင်းဆောင်တွေကို နားချ ပြောဆိုသင့်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း အမေရိကန် ပြည်ထောင်စုတင် မဟုတ်ပါဘူး။ အခြား ဒေသတွင်း ခေါင်းဆောင်တွေ ပြောဆို တိုက်တွန်းချက်တွေကိုလည်း နားထောင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ ပြောဆို တိုက်တွန်းမှုတွေပါ။”

မြန်မာ့ အိမ်နီးချင်းလည်းဖြစ်၊ ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ပိုပြီး တာဝန်ယူသင့်တယ်လို့ အနောက်နိုင်ငံ အများစုက နောက်ပိုင်း ပြောဆိုလာပါတယ်။ ဒါ့အပြင် G-20 စီးပွားထွန်းကား နိုင်ငံများ အဆင့်မှာ အိန္ဒိယ အနေနဲ့ ပိုပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံ၊ သြဇာသုံးနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အနောက်နိုင်ငံတွေက လိုလားနေကြပါတယ်။

XS
SM
MD
LG